‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၃၀ရက်

ရခိုင်ပြည်နယ်၊ အဉ္ဇနပူရ (ယခင် မင်းပြား) မြို့နယ်၊ သာယာကုန်းကျေးရွာတွင် လင်မယားချင်း ရန်ဖြစ်ရာမှ လင်ဖြစ်သူအား ဓားဖြင့် ခုတ်သတ်ပြီး အလောင်းအား မြစ်အတွင်း ပစ်ချဖျောက်ဖျက် ခဲ့သည့် မယားဖြစ်သူ အပါအဝင် ပါဝင်ကူညီသူ မိသားစုဝင် သုံး ဦးကို ဖမ်းဆီးအရေးယူထားကြောင်း အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့ (ဒီလပ်) ထံမှ သိရသည်။

 

အဉ္ဇနပူရမြို့နယ် ခမောင်းတောရွာနှင့် မြေပုံမြို့နယ် ဝက်ခေါင်းရွာအကြားရှိ ပုဇွန်တာအနီး ကန်းသင်း ပေါ်တွင် ပြီးခဲ့သည့် ဩဂုတ် ၅ ရက် ညနေပိုင်းက ပုပ်ပွနေသည့် အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းအရ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ သေဆုံးသူမှာ လည်ပင်ပြတ်ရှဒဏ်ရာ၊ လည်စေ့ ညိုမည်းဒဏ်ရာတို့ဖြင့် သေဆုံး နေသည့် သာယာကုန်းရွာနေ ဦးမောင်လှသန်း (၃၁) နှစ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် အဉ္ဇနပူရ မြို့မဒီလပ်စခန်းက (ပ) ၁၀၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့သည်။

ထိုသို့ စုံစမ်းစဉ်ရာတွင် သေဆုံးသူ ဦးမောင်လှသန်းမှာ ဩဂုတ် ၂ ရက်မှစ၍ ဇနီးဖြစ်သူ ဒေါ်သန်းသန်းဌေး (ခ) အေးချေ ၂၉ နှစ်နှင့် စကားများပြီး ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရှိရသော်လည်း ဇနီးနှင့် မိသားစုဝင်များက အမှုဖွင့်လိုခြင်းမရှိဘဲ ငြင်းဆန်ခဲ့သည်။ ထို့အပြင် ဦးမောင်လှသန်း၏ ယောက်ဖ ဖြစ်သူ စံလင်းချေ ၂၇ နှစ် နှင့် ယောက္ခမဖြစ်သူ ဦးအောင်ကျော်သိန်း ၅၇ နှစ်တို့၏ မသင်္ကာဖွယ် မူမမှန်သည့် အပြုအမူများကို တွေ့ရှိခဲ့ရကြောင်း ဒီလပ်က ဖော်ပြထားသည်။

‎ထို့ကြောင့် ဩဂုတ် ၇ ရက်နေ့တွင် တာဝန်ရှိသူများက သေဆုံးသူ၏ နေအိမ်သို့ သွားရောက်စစ်ဆေးရာ အိမ်၏ ဝါးထရံများကို အပြာရောင် ဆေးသုတ်ထားပြီး မခြောက်သေးသည့်အပြင် ထရံ၌ သွေးစက်များ တွေ့ရှိခဲ့ရသဖြင့် သံသယရှိသူ သုံး ဦးစလုံးကို ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ဩဂုတ် ၃ ရက် နံနက်ပိုင်းတွင် လင်မယားချင်း စကားများကြစဉ် သေဆုံးသူ ဦးမောင်လှသန်းက ၃ လအရွယ် သားငယ်အား လှံဖြင့်ထိုးရန် ပြုလုပ်ခဲ့သဖြင့် ဒေါသထွက်ကာ အိပ်ပျော်နေသည့် ယောကျ်ားဖြစ်သူ၏ လည်ပင်းကို ဓားမဖြင့် ခုတ်သတ်ခဲ့ကြောင် ဒေါ်သန်းသန်းဌေးက ဝန်ခံထွက်ဆိုသည်။

 

ထို့နောက် ဖခင်ဖြစ်သူနှင့် မောင်ဖြစ်သူတို့၏ ကူညီမှုဖြင့် အလောင်းကို ပုဆိုးဖြင့်ပတ်ကာ ကြပ်စင် မြစ်အတွင်းသို့ ပစ်ချခဲ့ပြီး သွေးကွက်များကျန်ခဲ့သည့် ဝါးထရံအား ဆေးသုတ်၍ အမှုမှန် ပျောက်ကွယ် အောင် ဖုံးကွယ်ခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့သည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူ ဒေါ်သန်းသန်းဌေးနှင့် အလောင်းဖျောက်ဖျက်ရာတွင် ကူညီခဲ့ကြသည့် ဦးအောင်ကျော်သိန်း၊ စံလင်းချေတို့အား ဩဂုတ် ၈ ရက်တွင် ချုပ်မိန့်ရယူကာ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး တရားစွဲဆိုရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ-ဒီလပ်