ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၀ ရက်
လာမည့် ၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲလျှောက်လွှာ ခေါ်ယူရာ၌ ဖြေဆိုခွင့် လျှောက်လွှာကြေးနှင့် စာမေးပွဲဝင်ကြေးကို ရွေးတုအစိုးရက တိုးမြင့်လိုက်ရာ ယခင် ၉၀၀ ကျပ်မှ ယခု ၂,၅၀၀ ကျပ်အထိ ကုန်ကျ စရိတ် မြင့်တက်သွားကြောင်း ရွေးတုအစိုးရလက်အောက်ခံ ပညာရေးဝန်ကြီး ဌာနက ပြီးခဲ့သည့် ဩဂုတ် ၂၈ ရက်တွင် ထုတ်ပြန်သည်။
၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာတစ်စောင်လျှင် ၅၀၀ ကျပ်နှင့် စာမေးပွဲဝင်ကြေး ၂,၀၀၀ ကျပ် တန်ဖိုးရှိ ငွေသွင်းတံဆိပ်ခေါင်းဖြင့် စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
ယခင်က တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာတစ်စောင်လျှင် ၂၀၀ ကျပ်နှင့် စာမေးပွဲ ဝင်ကြေးအတွက် ၇၀ဝ ကျပ် တန်ဖိုးရှိ ငွေသွင်းတံဆိပ်ခေါင်း ကပ်၍ လျှောက်ထားရခြင်းဖြစ်သည်။

“အခွန်တိုးကောက်သလိုပဲပေါ့။ စာမေးပွဲကြေး တိုးကောက်တာ။ အကုန် တိုးကောက်နေတာပဲ။ မိဘတွေလည်း ရုန်းကန်နေရတာ။ ကလေးတွေ ပညာရေးအတွက် ဘာမှမထောက်ပံ့ဘဲ ပိုက်ဆံပဲ တိုးကောက်နေတယ်” ဟု ရန်ကုန်မြို့ခံ ကျောင်းသားမိဘတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ပြင်ပမှ ဖြေဆိုရန် လျှောက်ထားသူများသည် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးများတွင် လျှောက်ထားရမည်ဖြစ် သည်။
အခြေခံပညာကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ၊ တွဲဖက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းသူ များအတွက် ကျောင်းအုပ်ကြီးများက ၂,၀၀၀ ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်း ဝယ်ယူပြီး စုပေါင်း တင်သွင်းရမည်ဖြစ်ကြောင်း ရွေးတုအစိုးရထံမှ သိရသည်။
ထို့ပြင် သတ်မှတ်ထားသော ရက်များအတွင်း အချိန်မီ ပေးပို့ခြင်းမရှိသူများသည် စာမေးပွဲဖြေဆိုခွင့် ရရှိမည်မဟုတ်ကြောင်းနှင့် စာမေးပွဲဖြေဆိုသူသည် ဘာသာပြောင်းလဲ ဖြေဆိုခွင့်မရှိကြောင်း ပညာရေး ဝန်ကြီးဌာနက အသိပေးထားသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ နှစ်သိန်းခြောက်သောင်း (၂၆၀,၀၀၀) နီးပါးရှိပြီး စာမေးပွဲအောင်မြင်သူ တစ်သိန်းသုံးသောင်း (၁၃၀,၀၀၀)နီးပါး ရှိကြောင်း ရွေးတုအစိုးရ လက်အောက်ရှိ ပညာရေးဝန်ကြီး ဌာနထံမှ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်