ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၀ ရက်

ရေဘေးသင့် နီပေါနိုင်ငံသို့ အရေးပေါ် စားနပ်ရိက္ခာ အပါအဝင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်းကျော်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းတွေ ပံ့ပိုးကူညီမယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန် လိုက်ပါတယ်။

ဒီကူညီထောက်ပံ့မှုမှာ ရေဘေးသင့် အိမ်ထောင်စုပေါင်း ၁၀,၀၀၀ အတွက် ၃ လစာ အရေးပေါ် စား နပ်ရိက္ခာ ထောက်ပံ့မှုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့အတွက် အမေရိကန်နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးထက် ပိုအရေးကြီးတာ ဘာမှ မရှိပါဘူး။ နီပေါနဲ့ တရုတ်နိုင်ငံမှာရှိတဲ့ ကျွန်တော်တို့သံရုံးတွေက အမေရိကန်နိုင်ငံသားတွေကို ကူညီပေးဖို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပံ့ပိုးပေးဖို့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဌာနက လူမှုကွန်ရက် X မှာ ရေးသားထားပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ အသက်ကယ်ဆယ်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထား မှု အကူအညီတွေ ပေးအပ်ပြီး နီပေါပြည်သူတွေနဲ့အတူ ရပ်တည်မယ်လို့ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဟိမဝန္တာတောင်တန်းရှိ ရေခဲမြစ်တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့တာကြောင့် နီပေါနဲ့ တိဘက် နယ်စပ်တစ်လျှောက်မှာ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာပါ။

ဒီရေဘေးကြောင့် နယ်စပ်တစ်လျှောက်က ဒေသအများအပြား ပျက်စီးခဲ့ရပြီး လူ ၆၇၅ ဦးထက် မနည်း သေဆုံးခဲ့ရသလို ပျောက်ဆုံးနေသူ ၃,၀၀၀ နီးပါးအတွက် ရှာဖွေကယ်ဆယ်ရေးတွေ အကြီးအ ကျယ် လုပ်ဆောင်နေပါတယ်။ပျောက်ဆုံးနေသူတွေထဲမှာ အမေရိကန်နိုင်ငံသား ၁၀၀ နီးပါး အပါအဝင် ကမ္ဘာလှည့်ခရီးသွား တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။

နီပေါ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ ပျောက်ဆုံးနေသူတွေအ နက် ၅၈၉ ဦးဟာ နိုင်ငံခြားသားတွေဖြစ်ပြီး လက်ရှိအချိန်အထိ နိုင်ငံခြားသား ၂၆၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ ပြီလို့ နီပေါ ခရီးသွားလုပ်ငန်းအဖွဲ့က ပြောပါတယ်။

ကိုးကား – TRT World
Ref; US pledges $3.6M in humanitarian aid to flood-hit Nepal