‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၃၀ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး ရွေးတုအစိုးရ စစ်တပ်ဘက်မှ အင်အားဖြည့်တင်းမှုများ၊ စစ်လက်နက်ပစ္စည်းနှင့် ရိက္ခာပို့ဆောင်မှုများကို အရှိန်အဟုန်မြှင့် ပြုလုပ်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

သာပေါင်းမြို့နယ် (ဘောမိချောင်းဒေသ)၊ သဲဖြူနှင့် အနောက်ဘက်ရှိ သာပေါင်းလေးဘက်တို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး အဆိုပါတိုက်ပွဲများမှ သေနတ်သံနှင့် ပေါက်ကွဲသံများကို နီးစပ်ရာ ဒေသခံများက ဩဂုတ် ၂၈ ရက်ကတည်းက စတင်ကြားနေရခြင်းဖြစ်ပြီး ယမန်နေ့အထိ တစ်နေကုန် အဆက်မပြတ် ကြားနေရဆဲဖြစ်ကြောင်း သိရသည်။

“၂၈ ရက်နေ့ ည ၈ နာရီအထိ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ အစုံကြားနေရတယ်လို့ သိရတယ်။ သာပေါင်းလေးဘက်က အသံစုံကြားရတာ။ အရပ်သုံးကားတွေနဲ့လည်း အင်အားဖြည့်တယ်” ဟု သတင်းရင်းမြစ်ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ခမရ-၃၀၈ မှ အရာရှိနှင့် တပ်ဖွဲ့ဝင်များ ပါဝင်သည့် အင်အား ၃၀ ခန့်သည် ဩဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက အရပ်ဘက်သုံး ၁၀ ဘီးကားဖြင့် သဲဖြူသို့ အားဖြည့်ဝင်ရောက်လာခဲ့ကာ အဆိုပါ ယာဉ်ကို တာပေါ်လင်ဖြင့် အုပ်ထားကြောင်း သိရသည်။

ရွေးတုအစိုးရ စစ်တပ်သည် စစ်ကြောင်းထိုးရန်နှင့် အင်အားဖြည့်ရန် အစီးရေများစွာရှိ မော်တော်ယာဉ်တန်းများ သာပေါင်းမြို့နယ်အတွင်းသို့ ဆက်တိုက် ဝင်ရောက်လျက်ရှိရာ ပြည်ဘက်မှ ဆင်းလာသည့် စစ်အင်အား ၈၀၀ ကျော် ပါဝင်သော စစ်ကား ၄၅ စီးခန့်သည် ဩဂုတ် ၂၆ ရက်က ဟင်္သာတမှတစ်ဆင့် အထောင်သို့ ကျော်လွန်ကာ ပုသိမ်သို့ ဆက်လက် မောင်းနှင်သွားခဲ့သည်။

အဆိုပါ ယာဉ်တန်းမှ အချို့ကို သာပေါင်းဘက်သို့ ဆက်လက် စေလွှတ်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောကြားသည်။

ထို့အပြင် ရန်ကုန်-ပုသိမ် ကားလမ်းအတိုင်း မောင်းနှင်လာသည့် စစ်ကား အစီး ၃၀ ကျော် ပါဝင်သော စစ်ယာဉ်တန်းသည် ပုသိမ် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ လမ်းကြောင်းနှစ်ခုစလုံးမှ စစ်အင်အား စုစုပေါင်း ၁,၆၀၀ ခန့် ပါဝင်ပြီး အင်အားအချို့ကို သာပေါင်းဘက်သို့ ဆက်လက် ပို့ဆောင်လျက်ရှိကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက်ကလည်း သာပေါင်းမြို့နယ်၊ စက်ဒေါင့်ကြီးဆိပ်ကမ်းသို့ လူနာပို့သည့် မော်တော် ယာဉ်တစ်စီး ရောက်ရှိလာခဲ့ပြီး သာပေါင်း-မရမ်းချို လမ်းကြောင်းကို အသုံးပြုကာ ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင် မှုများ ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။

ထို့ပြင် ရေကြောင်းမှတစ်ဆင့် စစ်အင်အားနှင့် ရိက္ခာ ဖြည့်တင်းမှုများ ပြုလုပ်ရန်အတွက်လည်း ရန်ကုန်မှ မော် တော်ယာဉ် ၂၀ ခန့်ကို တင်ဆောင်ထားသည့် စစ်သင်္ဘောများဖြင့် ပို့ဆောင်မှုများ ရှိနေကြောင်း သိရသည်။

ဓာတ်အုံ-လူမှုကွန်ရက်