ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၀ ရက်

ထိုင်းနိုင်ငံမှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၂၈ ရက်အထိ ရှစ်လတာအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၉၅,၃၅၇ ဦး ရှိပြီး သေဆုံးသူ ၁၄ ဦးရှိခဲ့တယ်လို့ ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) က ထုတ်ပြန်ပါတယ်။

ရောဂါကူးစက်မှုနှုန်းဟာ လူဦးရေ ၁ သိန်းမှာ ၁၄၄ ဦးကျော် ရှိနေပြီး သေဆုံးမှုနှုန်းမှာ ဝ ဒသမ ၀၁ ရာခိုင်နှုန်းခန့်သာ ရှိတာကြောင့် နည်းပါးနေသေးတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့လအတွင်း ကိုဗစ်-၁၉ ကူးစက်မှုတွေနဲ့အတူ တုပ်ကွေးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ် (RSV) ကူးစက်မှုတွေပါ တစ်ပြိုင်နက်တည်း မြင့်တက်လာခဲ့ပါတယ်။

ဆေးသိပ္ပံဦးစီးဌာနရဲ့ ဓာတ်ခွဲစမ်းသပ်ချက်တွေအရ ထိုင်းနိုင်ငံမှာ လက်ရှိ ကူးစက်မှုအများဆုံး ကိုဗစ်မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ဟာ NB.1.8.1 ဖြစ်ပြီး စမ်းသပ်မှုတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်အထိ ရှိနေပါတယ်။ ဒုတိယ ကူးစက်မှုအများဆုံး မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ကတော့ JN.1 ဖြစ်ပြီး ၂၅ ရာခိုင်နှုန်းကျော် ပါ ဝင်နေတာကို တွေ့ရပါတယ်။

ရာသီဥတု ပြောင်းလဲလာတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားလေ့ရှိတဲ့ ရာ သီ ရောက်ရှိလာတာကြောင့် ကျောင်းတွေ၊ လုပ်ငန်းခွင်တွေနဲ့ လူနေရပ်ကွက်တွေမှာ ကူးစက်မှုတွေ ထပ်မံ မြင့်တက်လာနိုင်တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ နှာချေတာနဲ့ မောပန်းနွမ်းနယ်တာတွေ ဖြစ်လာရင် အိမ်မှာပဲ အနားယူပြီး မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မကူးစက်အောင် အထိအတွေ့ နည်းအောင် နေထိုင်ကြဖို့လည်း ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

ရောဂါပိုး တွေ့ရှိထားသူတွေအနေနဲ့ အလုပ်သွားတာ ဒါမှမဟုတ် ပွဲလမ်းသဘင်တွေကို သွား ရောက်တာမျိုး မလုပ်သင့်သလို မဖြစ်မနေ အပြင်ထွက်ရင်လည်း နှာခေါင်းစည်း တပ်ဆင်ထားဖို့ လိုအပ် တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ရောဂါပြင်းထန်စွာ ခံစားရနိုင်ခြေရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိသူတွေနဲ့ ခုခံအားနည်း သူတွေဆီ သွားရောက်ရာမှာ အထူးဂရုစိုက်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ရောဂါလက္ခဏာ ရှိသူတွေအနေနဲ့ အိမ်မှာပဲ မိမိကိုယ်ကို စောင့်ရှောက်နိုင်ပေမဲ့ အသက်ရှူရခက်တာ၊ ရင်ဘတ်အောင့် တာနဲ့ မိန်းမောတာတွေ ဖြစ်လာရင် ဆေးရုံဆေးခန်းကို ချက်ချင်း သွားရောက်ပြသ ရမယ်လို့ ၎င်းတို့က ဆက်ပြောပါတယ်။

သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေ ရောဂါလက္ခဏာ ပြလာရင်တော့ လျှော့မတွက်ဘဲ ဆ ရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

လက်ရှိကူးစက်နေတဲ့ မျိုးဗီဇပြောင်း ဗိုင်းရပ်စ်တွေဟာ ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာပဲ ရှိသေးတာ ကြောင့် စိုးရိမ်ထိတ်လန့်ခြင်းမရှိကြဖို့နဲ့ လူမှုကွန်ရက်ပေါ်က သတင်းအမှားတွေကို မယုံကြဖို့ ရောဂါ ထိန်းချုပ်ရေးဦးစီးဌာနက ပြည်သူတွေကို နှိုးဆော်ထားပါတယ်။

ကိုးကား – The Nation
Ref; Covid cases approach 100,000 during respiratory illness rise