ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၁ ရက်

မန္တလေးတိုင်း၊ မိထ္တီလာခရိုင်၊ မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာတွင် ဩဂုတ်လ ၃၁ ရက် ဒီနံနက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် ဒေသခံ ၁၂ ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့ နံနက်လေး နာရီဝန်းကျင်ခန့်တွင် မလှိုင်မြို့ အရှေ့တောင်ဘက်ရှိ ထမ္မကြီးကျေးရွာအတွင်းသို့ လက်နက်ကိုင် အင်အား ၅၀ ခန့် ဝင်ရောက်လာပြီး အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက် အပါအဝင် ရွာခံ ၁၂ ဦးကို ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများမှာ အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်၊ ဦးချစ်စမ်းမောင်နှင့် ဇနီး၊ ဦးမောင်သိန်း၊ ဦးဇော်နှင့် သားဖြစ်သူ၊ ဦးဝင်းနိုင်၊ ဦးအုန်းမောင်တို့ အပါအဝင် စုစုပေါင်း ၁၂ ဦးဖြစ်ကြောင်း စစ်တပ်၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။

“မနက် အစော လေး နာရီ ဝန်းကျင်လောက်မှာ ရွာထဲကို ဝင်ပြီး သေနတ်တွေနဲ့ ပစ်သတ်သွားတာ” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။
အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို ဧရာဝတီတိုင်းမ်အနေဖြင့် အတည်မပြုနိုင်သေးဘဲ သေဆုံးသူများထဲတွင် ပြည်သူ့စစ်ခေါင်းဆောင်ပါဝင်ကြောင်း သိရသည်။

ထမ္မကြီးကျေးရွာသည် ရန်ကုန် – မိထ္တီလာ – မလှိုင် – မြင်းခြံလမ်းပိုင်းနှင့် ရန်ကုန် – မန္တလေး အမြန်လမ်းအကြားတွင် တည်ရှိပြီး လက်ရှိတွင် ပြည်သူ့စစ် (ပျူစောထီး) စခန်းစိုက်ထူထားသည့် ကျေးရွာဖြစ် ကြောင်း ဒေသခံများထံမှ သိရသည်။

မလှိုင်မြို့နယ်သည် စစ်တပ် စခန်းချထားသည့် မိတ္တီလာမြို့နှင့် ထိစပ်နေသကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားမှုအားကောင်းသည့် နွားထိုးကြီး၊ တောင်သာ၊ ကျောက်ပန်းတောင်း မြို့နယ်များနှင့်လည်း နယ်နိမိတ် ထိစပ်လျက်ရှိသည့်မြို့နယ်ဖြစ်သည်။

ပြီးခဲ့သည့် မေ ၁၈ ရက်ကလည်း မလှိုင်မြို့နယ်၊ ဝါးခွကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာအပြင်ဘက်တွင် သေနတ်ဖြင့်ပစ်သတ်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။