ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၁ ရက်
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်၊ ဩရိဿပြည်နယ် မြောက်ပိုင်းကမ်းခြေနှင့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းကြောင့် လာမည့် ၂ ရက်အတွင်း မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ ဩဂုတ် ၃၁ ရက်တွင် ထုတ်ပြန်သည်။
လာမည့် ၂ ရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည် နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

မနက်ဖြန်အတွက် မိုးလေဝသ ခန့်မှန်းချက်တွင် မကွေးတိုင်းနှင့် ကရင်နီပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ရာ ရေပြင်/မြေပြင် လေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၃၀ မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၂ ပေအထိ ရှိနိုင်ကြောင်း မိုး/ဇလ က အသိပေးထားသည်။
အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ် မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်နိုင်ကြောင်း ခန့်မှန်းထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ် / မိုး/ဇလ