ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၁ ရက်
စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက Facebook စာမျက်နှာအသစ်ကို ဖွင့်လှစ်လိုက်ပြီး မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးရာတွင် သံရုံး၏ ထုတ်ပြန်ချက်များအတိုင်း လိုက်နာကြရန် ယမန်နေ့ ဩဂုတ် ၃၀ ရက်နေ့က အသိပေး ထုတ်ပြန်သည်။
ယခင် သံရုံး၏ မူလဖေ့စ်ဘုတ်စာမျက်နှာဖြစ်သော “Myanmar Embassy, Singapore” မှာ ဆိုက်ဘာ နှောင့်ယှက်ခံရသဖြင့် အသုံးပြု၍ မရသေးသည့်အတွက် ယခု ဖွင့်လှစ်ထားသည့် “မြန်မာသံရုံး၊ စင်ကာပူမြို့” Facebook စာမျက်နှာကို နိုင်ငံကူးလက်မှတ်ဆိုင်ရာ သတင်းအချက်အလက်များ အသိပေးရန် ခေတ္တ အစားထိုး သုံးစွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံကူးလက်မှတ် အလည်အပတ် (PV) မှ အလုပ်လုပ်ကိုင်ခွင့် (PJ) သို့ သက်တမ်းတိုး ပြောင်းလဲသူများအနေဖြင့် မိမိတို့ ရယူထားသော ရက်ချိန်းအတိုင်းသာ ခေတ္တ စောင့်ဆိုင်းပေးကြရန် လိုအပ်ကြောင်း ပါရှိသည်။

အဆိုပါ လုပ်ငန်းစဉ်နှင့် ပတ်သက်၍ သံရုံးက ကြေညာချက်အသစ် ထုတ်ပြန်လာမှသာလျှင် ယင်း လမ်းညွှန်ချက်အတိုင်း ဆက်လက် ဆောင်ရွက်ကြရန် အသိပေးထားသည်။
ထို့အပြင် နိုင်ငံကူးလက်မှတ် အမျိုးအစား ပြောင်းလဲလျှောက်ထားသူများ (PT၊ PE၊ PS) နှင့် အမျိုးအစား ပြောင်းလဲရန် ရက်ချိန်း ရယူထားသူများအနေဖြင့်လည်း သံရုံး ထုတ်ပြန်ချက်အတိုင်းသာ လိုက်နာ လုပ်ဆောင်ရန် လိုအပ်ကြောင်း ပါရှိသည်။
PV မှ PJ သို့ ပြောင်းလဲ သက်တမ်းတိုးမည့်သူများကို သက်တမ်းတိုးခွင့် ချက်ချင်း ပေးနိုင်မည် မဟုတ်ဘဲ သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက် ရရှိမှသာ သံရုံး၏ Facebook နှင့် Website တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ကိုင်ဆောင်ထားသော PV၊ PE၊ PT၊ PS နှင့် PR အမျိုးအစား နိုင်ငံကူးလက်မှတ် သက်တမ်း (၃) လအောက် ကျန်ရှိသူများ အပါအဝင် S Pass၊ EP၊ Work Permit နေထိုင်ခွင့် သက်တမ်း (၃) လအောက် ကျန်ရှိသူများအနေဖြင့် သံရုံးသို့ လူကိုယ်တိုင် လျှောက်လွှာ တင်သွင်း သက်တမ်းတိုးနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိ လျှောက်လွှာ ဖြည့်သွင်းရာတွင်လည်း ပုံစံ နှစ်မျိုး ရှိသောကြောင့် မိမိနှင့် သက်ဆိုင်သည့် လျှောက်လွှာပုံစံကို သေချာစွာ ရွေးချယ်ရန်နှင့် ကြေညာချက်ကို အစအဆုံး သေချာစွာ ဖတ်ရှုကြရန်လည်း သံရုံးက တိုက်တွန်းထားသည်။
ဓာတ်ပုံ – သံရုံး