ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၁ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ဘုရားကုန်း (ဖရေကုန်း) အုပ်စုအတွင်းရှိ ကျေးရွာများတွင် ဒေသခံများ၏ ဖုန်းများကို ယခု ဩဂုတ်လ နောက်ဆုံးပတ်အတွင်း လိုက်လံမှတ်ပုံတင်ခိုင်းနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ထိုသို့ မှတ်ပုံတင်ရာတွင် ဒေသခံများ၏ အမည်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်များကို ကောက်ယူနေခြင်းဖြစ်ပြီး၊ စာရင်းသွင်းပေးသူများကို ဖုန်းတစ်လုံးလျှင် ငွေကျပ် ၁၀,၀၀၀ (တစ်သောင်း) စီ ထုတ်ပေးနေကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“အာဏာပိုင် ဖိအားလည်း ရှိတာကြောင့် ဖုန်းနံပါတ်နဲ့အတူ နေရပ်လိပ်စာ အတိအကျရော မှတ်ပုံတင်နံပါတ်ပါ ပေးလိုက်ရတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စာရင်းကောက်ယူ မှတ်ပုံတင်ခိုင်းခြင်းသည် မည်သည့် ရည်ရွယ်ချက်ကြောင့် ဖြစ်သည်ကို သေချာစွာ သိရှိရခြင်းမရှိသဖြင့် ဒေသခံများကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေပြီး ငြင်းဆန်လိုသော်လည်း အုပ်ချုပ်သူများက ဖိအားပေးထားကြောင်း သိရသည်။

စစ်တပ်လက်အောက်ခံ အုပ်ချုပ်သူများအနေဖြင့် ဒေသခံများ၏ ကိုယ်ရေးအချက်အလက်များဖြစ်သော အမည်၊ မှတ်ပုံတင်နံပါတ်နှင့် ဖုန်းနံပါတ်များကို ပိုက်စိပ်တိုက် ကောက်ယူနေခြင်းသည် ဒေသတွင်း သတင်းအချက် အလက် စီးဆင်းမှုနှင့် ဆက်သွယ်ရေးများကို တင်းကျပ်စွာ စောင့်ကြည့် ထိန်းချုပ်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း စောင့်ကြည့်သူများက ဆိုသည်။[[[[[[[[[[[