ဧရာဝတီတိုင်းမ်
သြဂုတ် ၃၁ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၂) ဘက်ခြမ်းရှိ ဝုမ်းခုန်ကျေးရွာကို ရွေးတုအစိုးရတပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင်း ကျောင်းသားများအပါအဝင် ရှစ် ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရွေးတုအစိုးရတပ်သည် ယမန်နေ့ ဩဂုတ် ၃၀ ရက်၊ ညနေ ငါး နာရီဝန်းကျင်တွင် တံတားဦးဘက်မှ တက်လာသော ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဝုမ်းခုမ်ရွာအတွင်း ပေါင် ၅၀၀ ဗုံးသီး လေ လုံးကို နှစ်ကြိမ်ခွဲ၍ လာရောက်ကြဲချခဲ့ခြင်းဖြစ်သည်။

ထိုလေကြောင်းတိုက်ခိုက်မှုသည် တိုက်ပွဲဖြစ်ပွားခြင်း၊ လူစုလူဝေး ပြုလုပ်ခြင်းနှင့် ပွဲလမ်းသဘင် ပြုလုပ်ခြင်း မရှိဘဲ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်သည့် နေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပေါင် ၅၀၀ ဗုံးသီးတွေနဲ့ ကြဲချတာဖြစ်လို့ လူ ထိခိုက်သေဆုံးမှု များသွားတယ်။ ရွာမှာက ရွာသားတွေအပြင် စစ်ဘေးရှောင်တွေ ခိုလှုံနေထိုင်တာပါ။ ပုံမှန်အခြေအနေမှာ ဗုံးကြဲသွားတာ”ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် G-9 ကျောင်းသူ တစ် ဦး၊ G-5 ကျောင်းသား တစ် ဦး၊ G – 4 ကျောင်းသား တစ် ဦး၊ စစ်ဘေးရှောင် နှစ် ဦး နှင့် ရွာသား သုံးဦး အပါအဝင် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၄ ဦးတို့ ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

ထို့အပြင် ဗုံးထိမှန်သည့်အတွက် ကျောင်းသား/သူ ခြောက်ဦးနှင့်သက်ကြီးပိုင်း အရပ်သားများ အပါအဝင် စုစုပေါင်း ၁၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် အချို့တွင် အသက်အန္တရာယ် အခြေအနေ စိုးရိမ်ရကြောင်း သိရသည်။
“လူ ရှစ်ယောက်က ပွဲချင်းပြီး ဆုံးတာပါ။ ဒဏ်ရာရတဲ့ထဲမှာလည်း ကလေးတွေ၊ လူကြီးပိုင်းတချို့မှာ စိုးရိမ်ရတဲ့သူတွေပါတယ်။ လောဆယ် ဆေးကုသမှုခံယူနေကြရပါတယ်”ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဝုမ်းခုမ်ရွာအတွင်းရှိ စာသင်ကျောင်း၊ စာကြည့်တိုက်၊ စားဖိုဆောင်နှင့် လူနေအိမ် အလုံး ၂၀ မှာလည်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားကြာင်းသိရသည်။
ဝုမ်းခုမ်ကျေးရွာသို့ ထင်ချောင်းရွာဘက်မှ စစ်ရှောင်လာသူများ ခိုလှုံနေချိန် ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး၊ အဆိုပါကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကလည်း တိုက်ပွဲမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲခံရမှုကြောင့် ကလေးငယ် နှစ် ဦး အပါအဝင် သုံး ဦး သေဆုံးခဲ့သည်။