ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်
ကာဂျစ္စတန်နိုင်ငံမှာ ကျင်းပတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးဆွေးနွေးပွဲ၊ ဘေးပန်းအစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံခဲ့ကြပြီး ကမ္ဘာ့အခြေအနေတွေ ခန့်မှန်းရခက်ပြီး မရေမရာ ဖြစ်နေချိန်မှာ နှစ်နိုင်ငံ မဟာဗျူဟာမြောက် မဟာမိတ် ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်မယ်လို့ ထပ်လောင်း အတည်ပြုခဲ့ပါတယ်။
မေလနောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်ပြီး ရှီကျင့်ဖျင်က ယူကရိန်းနဲ့ ၅ နှစ်ကြာ စစ်ပွဲ ဖြစ်ပွားနေတဲ့ ရုရှားနဲ့ ပေကျင်းကြား ဆက်ဆံရေးဟာ ပိုပြီး ခိုင်မာလာခဲ့တယ်လို့ ပူတင်ကို ပြောကြားခဲ့ပါ တယ်။
နိုင်ငံတကာ အခင်းအကျင်းမှာ မရေရာမှုတွေနဲ့ ခန့်မှန်းရခက်တာတွေ ပိုများလာပေမဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို ခိုင်မာအောင် ဆက်လက် လုပ်ဆောင်မှာဖြစ်ပြီး ရှေ့လျှောက် ဆက်ဆံရေး အလားအ လာတွေလည်း ပိုမို တောက်ပနေတယ်လို့ ရှီကျင့်ဖျင်က ပြောပါတယ်။
ပူတင်ကလည်း ရှီကျင့်ဖျင်ရဲ့ ပြောကြားချက်ကို ထောက်ခံခဲ့ပြီး ကဏ္ဍပေါင်းစုံမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးတက်နေတယ်လို့ ဆိုပါတယ်။
ကာဂျစ္စတန်နိုင်ငံမြို့တော် ဘစ်ရှ်ကက်မှာ ၂ ရက်ကြာ ကျင်းပတဲ့ အဆိုပါ SCO ထိပ်သီးအစည်းအ ဝေးဟာ အဖွဲ့ရဲ့ ၂၅ နှစ်ပြည့် အထိမ်းအမှတ်လည်း ဖြစ်ပြီး အီရန်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ တူရကီတို့မှ ခေါင်း ဆောင်တွေ အပါအဝင် နိုင်ငံအများအပြားမှ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။
အနောက်အုပ်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် ရုရှားစီးပွားရေးဟာ တရုတ်အပေါ် ပိုမို မှီခိုလာ ရပြီး စစ်ပွဲရပ်တန့်ရေး ရုရှားကို ဖိအားပေးဖို့ အနောက်နိုင်ငံတွေက ပေကျင်းကို တောင်းဆိုထားပေမဲ့ အစည်းအဝေးမှာ စစ်ပွဲအကြောင်းထက် စီးပွားရေးကိုသာ အဓိက ဆွေးနွေးခဲ့တယ်လို့ ရုရှားသမ္မတရုံးက ပြောပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီကလည်း ပူတင်နဲ့ သီးသန့် တွေ့ဆုံခဲ့ပြီး ယူကရိန်း ပဋိပက္ခ ချုပ် ငြိမ်းရေးအတွက် ကူညီဖို့ အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သလို ပူတင်က ရုရှားအနေနဲ့ ဖြေရှင်းရေး လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေတယ်လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို လက်နက်မထောက်ပံ့ဖို့ ရုရှားနဲ့ တရုတ်တို့ကို သ တိပေးထားပြီး အမေရိကန် CIA ညွှန်ကြားရေးမှူးက ယင်းကိစ္စနဲ့ ပတ်သက်လို့ မကြာသေးမီက မော်စကို သို့ သွားရောက်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
အီရန်သမ္မတ ပက်ဇက်ရှ်ကီယန်က စစ်ပွဲ ဆက်လက်ဖြစ်ပွားနေခြင်းဟာ တီဟီရန်အတွက် အမှန် တကယ် အကျိုးမရှိဘဲ သဘောတူညီမှု ရရှိရေးကိုသာ ဆက်လက် ကြိုးပမ်းမယ်လို့ မိုဒီနဲ့ တွေ့ဆုံစဉ် ပြော ပါတယ်။
ကမ္ဘာ့လူဦးရေ ၄၀ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့ဂျီဒီပီ ၂၅ ရာခိုင်နှုန်းကို ကိုယ်စားပြုထားတဲ့ SCO မှာ အဖွဲ့ဝင် ၁၀ နိုင်ငံအပြင် ဆွေးနွေးဖက် ၁၅ နိုင်ငံနဲ့ လေ့လာသူ ၂ နိုင်ငံ ပါဝင်ပြီး အဖွဲ့ဝင်များကြား သဘောထား ကွဲ လွဲမှုများလည်း ရှိနေဆဲ ဖြစ်ပါတယ်။
ကိုးကား – AFP
Ref; Putin, Xi reaffirm Russia-China ties amid ‘unpredictable’ world