ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်
ပဲခူးတိုင်း၊ တောင်ငူမြို့၊ အမှတ် (၉) ရပ်ကွက်၊ ရွှေဘိုလေးကွေ့အနီးတွင် တွဲကားနှင့် ဆီဘောက်ဆာ ယာဉ်တို့ တိုက်မိရာမှ ဆီဘောက်ဆာကား မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း မန္တလေးဘက်မှ မောင်းနှင်လာသည့် နစ်ဆန်း (Nissan) လိမ္မော်ရောင် တွဲကားနှင့် ရန်ကုန်ဘက်မှ မောင်းနှင်လာသည့် ဒေါင်းဖင်း (Dongfeng) အဖြူရောင် ဆီဘောက်ဆာယာဉ်တို့သည် ယနေ့ စက်တင်ဘာ ၁ ရက် နံနက် ၅ နာရီ ၅၅ မိနစ်ခန့်က မျက်နှာချင်း ဆိုင် တိုက်မိခဲ့ကြခြင်း ဖြစ်သည်။

“ကား နှစ်စီးက မျက်နှာချင်းဆိုင် မောင်းလာကြတာ။ လမ်းကွေ့ရောက်တော့ တွဲကားဖင်နဲ့ ဆီဘောက်ဆာ ခါးလယ် တိုက်မိပြီး တွဲကား တိမ်းမှောက်သွားတယ်။ ဆီဘောက်ဆာကားက မီးလောင်သွားတာ။ ဒီဇယ်တင်လာတဲ့ ကားမို့လို့ တော်သေးတယ်၊ ဓာတ်ဆီကားဆိုရင် ဒီထက်မက ပိုဆိုးသွားနိုင်တယ်” ဟု မျက်မြင်တွေ့ရှိသူ တောင်ငူမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ထိခိုက်ဒဏ်ရာ အနည်းငယ်စီသာ ရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်း သိရသည်။
ဆီဘောက်ဆာကား မီးလောင်ပေါက်ကွဲရာမှ လွင့်စင်သွားသော ဒီဇယ်များကြောင့် အနီးဝန်းကျင်ရှိ ရန်အောင် ဘုန်းတော်ကြီးကျောင်း၊ မြိုင်တည်းခိုခန်းနှင့် နေအိမ်ဈေးဆိုင်တစ်လုံးတို့ထံ မီးကူးစက် လောင်ကျွမ်းခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ရွှေဘိုလေးကွေ့သည် တောင်ငူမြို့တွင် ယာဉ်တိုက်မှုနှင့် လူသေဆုံးမှု အများဆုံး ဖြစ်ပွားလေ့ရှိသော နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-CJ