ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်
ငဝန်မြစ် တာကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကျက်ကွင်း ကျေးရွာအနီးတွင် လှေမှောက်မှု ဖြစ်ပွားကာ အမျိုးသား သုံး ဦး သေဆုံးသွားကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း) ထံမှ သိရသည်။
ယမန်နေ့ ဩဂုတ် ၃၁ ရက်က အဆိုပါ အမျိုးသား သုံး ဦး စီးနင်းလာသည့် လှေမှောက်ပြီး ပျောက်ဆုံး သွားခဲ့ရာမှ ယင်းနေ့တွင်ပင် ရုပ်အလောင်းတစ်လောင်း ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်ရှိသည့် ရုပ်အလောင်း နှစ်လောင်းကို ယနေ့ စက်တင်ဘာ ၁ ရက်တွင် ထပ်မံ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရေနစ်သေဆုံးသူ အမျိုးသား သုံးဦး၏ ရုပ်အလောင်းများကို ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များထံမှ သိရသည်။
“ငါးသိုင်းချောင်းမြို့ထဲမှာ လှေတွေနဲ့ပဲ သွားလာနေကြရတာ။ ဈေးဝယ်တာ ဖြစ်ဖြစ် မြို့ထဲသွားတာ ဖြစ်ဖြစ် လှေဆိပ်လို ဖြစ်နေတာ။ ရေက နည်းနည်း ကျသွားပြီ ဆိုပေမဲ့ စိုးရိမ်နေရတုန်းပဲ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ဩဂုတ် ၂၃ ရက်က ၁၀ ပေ ၉ လက်မအထိ အမြင့်ဆုံး ရောက်ရှိခဲ့ပြီး ဩဂုတ် ၃၁ ရက်အထိ ၁ ပေ ၁၀ လက်မခန့် ပြန်ကျသွားသော်လည်း မြို့အတွင်း၌ ၈ ပေ ၁၁ လက်မခန့်အထိ ရေဝင်ရောက်နေဆဲဖြစ်ရာ ဒေသခံများမှာ လှေဖြင့်သာ သွားလာနေကြရသည်။
ငဝန်မြစ် ရေကာတာ ကျိုးပေါက်မှုကြောင့် လေးမျက်နှာနှင့် ငါးသိုင်းချောင်း အပါအဝင် မြို့နယ် ခြောက် မြို့နယ် ရေလွှမ်းမိုးခံထားရပြီး သေဆုံးသူ ၁၀ ဦးဝန်းကျင်အထိ ရှိလာကာ ရေဘေးသင့် ပြည်သူ သိန်းနှင့်ချီရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့