ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နယ်ထိန်းရဲက ဒေသခံ ပြည်သူများနှင့် ကုန်စုံဆိုင်များထံမှ မတန်တဆ လိုင်းကြေးနှင့် ဆက်ကြေးများ အတင်းအဓမ္မ တောင်းခံလျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ်၊ ဘုရားကုန်း (ဖရေကုန်း) ရဲစခန်းမှ နယ်ထိန်း ဖိုးလပြည့်ဆိုသူသည် ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်မှစ၍ ဝံလို၊ ကွယ်ကုန်းစွန်း၊ စမ်းချောင်း၊ တောင်တက်ကြီး၊ အနန်းကုန်းနှင့် ဘွားကြီးကျော စသည့် ကျေးရွာများသို့ ကွင်းဆင်းကာ ငွေကြေး တောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ် များထံမှ သိရသည်။
ထိုသို့ တောင်းခံရာတွင် ဝါးခုတ်သူများ၊ မီးသွေးဖုတ်သူများ၊ တောင်တက်လုပ်ငန်း လုပ်ကိုင်သူများ၊ စားသုံးဆီနှင့် ဓာတ်ဆီ ရောင်းချသည့် ကုန်စုံဆိုင်များ၊ အရက်ပုန်းဆိုင်များနှင့် နှစ်လုံး/သုံးလုံး ချဲထီ ရောင်းချသူများထံမှ မတန်တဆ လိုင်းကြေးများ အတင်းအဓမ္မ ကောက်ခံသွားခြင်း ဖြစ်သည်။
“ကုန်စုံဆိုင်ဆိုရင် စားသုံးဆီ၊ ဓာတ်ဆီ ရောင်းတာကို အကြောင်းပြပြီး ကောက်တာ။ မပေးဘဲ ငြင်းရင်လည်း PDF ထောက်ပို့လုပ်တယ်ဆိုပြီး အဖမ်းခံရမှာ၊ ဆိုင်ပိတ်ရမှာ မို့လို့ မပေးချင်လည်း ပေးလိုက်ကြရတယ်” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တောတက်၊ တောင်တက်၍ မီးသွေးဖုတ်၊ ဝါးခုတ် လုပ်ကိုင်သူများကိုလည်း လစဉ် လိုင်းကြေးပေးရန် ကောက်ခံမှုများ ရှိနေပြီး ပေးဆောင်ခြင်းမရှိပါက တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပို့နေသည်ဟု စွပ်စွဲကာ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်လေ့ရှိကြောင်း သိရသည်။
“ဖိုးလပြည့်ဆိုတာ နယ်ထိန်းလေ။ သူက ဒေသကို ဘာအကျိုးမှ မပြုဘဲ လိုင်းကြေးပဲ လိုက်ကောက် နေတာ။ မပေးရင် ထောက်ပို့စာရင်းထဲ ပါသွားမှာစိုးလို့ ပိုက်ဆံ ပေးနေကြရတာ” ဟု သတင်းရင်းမြစ်က ဆိုသည်။
ယခုကဲ့သို့ စီးပွားရေး ကျပ်တည်းနေချိန်တွင် အာဏာပိုင်များ၏ ခြိမ်းခြောက်မှုကြောင့် ဈေးဆိုင်များ ပိတ်ထားပါက ဒေသခံများ စားသောက်ရေး ဒုက္ခရောက်နိုင်သလို တစ်နေ့စာအတွက် ဘုရားကုန်းရွာအထိ ဆင်း၍ ဈေးဝယ်ယူရန်မှာလည်း သွားရေးလာရေး အဆင်မပြေကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်၊