ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှ လူငယ်များကို ရန်ကုန်တွင် အလုပ်ရမည်ဟု လိမ် လည်ခေါ်ဆောင်ကာ နေအိမ်၌ အချုပ်ခန်းပြုလုပ်၍ ထိပ်တုံးခတ် ချုပ်နှောင်ထားပြီး စစ်တပ်ထံ ရောင်းစားရန် ပြုလုပ်နေသည့် အရံမီးသတ်အရာရှိတစ်ဦးနှင့် သားမက်ဖြစ်သူတို့ကို ဖမ်းဆီးအရေးယူထားကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရသည်။
ကြည်ဝင်း ဆိုသူသည် ဘိုကလေးမြို့နယ်မှ လူငယ် နှစ် ဦးအား ရန်ကုန်မြို့တွင် အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်ခဲ့ပြီးနောက် အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက် လမ်းဆုံအရောက်တွင် မိသားစုနှင့် အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကာယကံရှင် မိသားစုဝင်များက သက်ဆိုင်ရာသို့ အကူအညီတောင်းခံခဲ့သဖြင့် စုံစမ်းရှာဖွေခဲ့ရာ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ အုတ်စက်ရုံနောက်ကျောဘက်ရှိ တညင်းကုန်းရပ်ကွက် အရံမီးသတ် သုံးပွင့်အဆင့်ရှိသူ သိန်းဦး (ခ) အငယ်လေး၏ နေအိမ်ကို သြဂုတ် ၂၅ ရက် ညနေ ၄ နာရီခန့်တွင် ဝင်ရောက်စီးနင်း ရှာဖွေခဲ့ကြသည်။
ထိုသို့ စီးနင်းရှာဖွေရာ အရံမီးသတ်အရာရှိ သိန်းဦးသည် မိမိနေအိမ်၌ သီးသန့် အချုပ်ခန်း ပြုလုပ်ထားပြီး အိမ်နောက်ဘက် အခန်းများအတွင်း ထိပ်တုံးခတ် ခံထားရသည့် လူငယ် ၃ ဦးနှင့် တရားမဝင် ချုပ်နှောင်ခံထားရသည့် လူငယ် ၁ ဦး၊ စုစုပေါင်း စစ်တပ်ထံ ရောင်း စားရန် ဖမ်းဆီးခံထားရသူ လူငယ် ၄ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
လူငယ်များကို လိမ်လည်ဖမ်းဆီးကာ စစ်တပ်ထံ ရောင်းစားရန် နေအိမ်၌ အချုပ်ခန်းပြုလုပ် အကျဉ်းချထားသူ အရံမီးသတ်အရာရှိ သိန်းဦး (ခ) အငယ်လေးနှင့် သားမက်ဖြစ်သူ သန်းစိုးတို့အား အင်းစိန်မြို့မရဲစခန်းက (ပ) ၈၂၀/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၆၅ (မတရား တားဆီးပိတ်ပင်ရန် သို့မဟုတ် အကျဉ်းချထားရန် အကြံဖြင့် ပြန်ပေးဆွဲမှု) ဖြင့် အမှုဖွင့်လှစ်ကာ စစ်ဆေး အရေးယူလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-ရဲတပ်ဖွဲ့