ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့တွင် ရွေးတုအစိုးရစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်စွာ ပြုလုပ်နေသည့်အပြင် ပင်လယ်ပြင်နှင့် ကမ်းခြေတစ်လျှောက်၌ စစ်ရေယာဉ်များ၊ တပ်မတပ်ဖွဲ့များ ဖြည့်တင်းကာ စစ်ရေးဖိအားပေး လှုပ်ရှားလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ငပလီနှင့် ကျိန္တလီကမ်းခြေအနီး၌ စစ်တပ်၏ တိုက်ခိုက်ရေးစစ်ရေယာဉ်၊ စစ်သင်္ဘောနှင့် ရေယာဉ် စုစုပေါင်း အနည်းဆုံး ၆ စင်းခန့် အထိုင်ချတပ်စွဲထားသည်။ ထို့ပြင် ဂွ-ငသိုင်းချောင်း လမ်းပိုင်းဘက်၌လည်း ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်၊ သာပေါင်းဘက်မှ ထိုးစစ်ဆင်မည့် အနေအထားများ ပြုလုပ်နေကြောင်း သိရသည်။
“ကမ်းတက်စစ်ဆင်ရေးလုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။ လတ်တလောကတော့ ဒရုန်းတွေနဲ့ ကမ်းခြေတစ် လျှောက်ကို စစ်တပ်က ကင်းထောက်နေတယ်” ဟု သတင်းရင်းမြစ်တစ်ခုက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၉ ရက်နေ့တွင် ရွှေသောင်ယံအနီး ပင်လယ်ပြင်အတွင်းသို့ စစ်ရေယာဉ် ၁၀ စင်းခန့် ရောက်ရှိလာခဲ့ပြီး စစ်ယာဉ်တန်း အစီး ၅၀ ခန့်မှာ ရွှေသောင်ယံကို ဖြတ်၍ ဝက်သေမှတစ်ဆင့် ဘောမီဘက်သို့ ခြေလျင်တပ်ဖြင့် ဝင်ရောက်သွားခဲ့သည်။ စစ်တပ်သည် ညအချိန်များတွင် ကမ်းခြေတစ်လျှောက်ရှိ ကျေးရွာများနှင့် ရေကြည်အစပ် ကျေးရွာများကို ဒရုန်းများဖြင့် ကင်းထောက် လှမ်းမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်တပ်သည် ရခိုင်တောင်ပိုင်းသို့ ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းနေ သည့်အပြင် ပင်လယ်ပြင် ကမ်းတက်စစ်ဆင်ရေးဖြင့်လည်း ထိုးဖောက်လာနိုင်ခြေရှိသည့် အနေအထား ဖြစ်ကြောင်း စစ်ရေးစောင့်ကြည့်သူများက သုံးသပ်သည်။
ထိတွေ့တိုက်ပွဲများ ဆက်လက်ရှိနေသည့် ဧရာဝတီ-ရခိုင် အစပ်နယ်မြေများတွင် အာရက္ခတပ်တော် (AA) ၏ တန်ပြန်တိုက်စစ်ကြောင့် စစ်တပ်ဘက်မှ အထိနာခဲ့သဖြင့် ယခုအခါ တိုက်ခိုက်ရေးတပ်မ (၁၀၁) ကို ထပ်မံဖြည့်တင်းကာ ထုနှင့်ထည်နှင့် တိုက်စစ်ဆင်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။
စစ်တပ်သည် ပြီးခဲ့သည့် ဩဂုတ် နောက်ဆုံးပတ်အတွင်း၌ပင် သာပေါင်းနှင့် ရေကြည်ဘက်သို့ စစ်အင်အား ထောင်ချီဖြည့်တင်းခဲ့သလို ရေကြောင်းမှလည်း ရန်ကုန်အခြေစိုက် တပ်ရင်းများကို စေလွှတ်ခဲ့သည်။ ထို့ပြင် ရခိုင်တောင်ပိုင်းကို ကမ်းတက်စစ်ဆင်ရေး ဆင်နွှဲမည်ဟု သတင်းလွှင့်ထားပြီး အားအပျော့ဆုံးနယ်မြေဟု ယူဆရသည့် မြစ်ဝကျွန်းပေါ် နယ်မြေဘက်မှ ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည့် ပုံစံမျိုးရှိနိုင်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။
ပုံစာ-စစ်ရေးလေ့ကျင့်နေသည့် စစ်အုပ်စုရေယာဉ်များကိုတွေ့ရစဉ် (ပုံဟောင်း)