ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်
မလေးရှားနိုင်ငံသို့သီးသန့်အလုပ်သမားပို့ဆောင်ခွင့်ရရှိမည့်ပြင်ပအလုပ်အကိုင်အေဂျင်စီ ၁၀ ကို မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ( MOEAA) အဖွဲ့ဝင်အသင်းသားအဖြစ်မှ ယာယီရပ်စဲကြောင်း ယနေ့ ထုတ်ပြန်သည်။
မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ( MOEAA) အဖွဲ့ဝင် ပြည်ပအလုပ်အကိုင် အေဂျင်စီများအားလုံးတွင်လိုင်စင်ရှိသော်လည်း မလေးရှားနိုင်ငံသို့သီးသန့်အလုပ်သမားပို့ဆောင်ခွင့်ရသည့် အေဂျင်စီ ၁၀ ခုက လက်ဝါးကြီးအုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း MOEAA ထုတ်ပြန်သည်။

အသင်းဝင်အဖြစ်မှယာယီရပ်ဆိုင်းသော အေဂျင်စီ ၁၀ ခုတွင် စင်ကာပူနိုင်ငံသို့သူနာပြုအကူ အဖြစ်အလုပ်သမားစေလွှတ်လျက်ရှိသော သုခစုစံ၊ Carrier Worker၊ Golden Plant ၊ Star Butterfly General၊ Virtue International၊ Golden Win ( Shwe Win) ၊ Mingalar Global ၊ Manpower၊ Moe Moe Family နှင့် Shine Hill ဝန်ဆောင်မှုအေဂျင်စီများ ဖြစ်ကြောင်းသိရသည်။
အဆိုပါအေဂျင်စီများထဲမှ အချို့သည် ထိုင်းနိုင်ငံအပါအဝင် အခြားနိုင်ငံများသို့အလုပ်သမားစေလွှတ်လျက်ရှိ ကြောင်း ယင်းအေဂျင်စီထံမှ စုံစမ်းသိရသည်။
“မလေးရှားက အလုပ်သမားပါမစ်မပေးလို့ မြန်မာနိုင်ငံပြန်လာနေရတယ်။ ၂၀၂၇ ခုနှစ်မှပါမစ်ပြန်ရမှာမလို့။ အခုလည်းအလုပ်သမားတရားဝင် MOU စနစ်နဲ့မခေါ်သေးဘူး။ ပိတ်ထားတုန်းပဲ calling ပိတ်ထားတာ။ တရားမဝင်တော့ရောက်နေတာအများကြီးပဲ။ ဖမ်းခံရရင်လည်းခံရတယ်။ တရားမဝင်လမ်းကြောင်း တွေတော့ရှိနေတာပဲ” မလေးရှားငါးဖမ်းသင်္ဘောလိုက်ခဲ့သူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် အသင်းဝင်များအနေဖြင့် အသင်း၏စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီးအခြားအသင်းဝင်များ၏ အခွင့်အရေးများကိုမထိခိုက်စေရန်၊ အသင်း၏ အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာကိုထိန်းသိမ်း စောင့်ရှောက်ရန်အပါအဝင် မျှတသောလုပ်ငန်းပတ်ဝန်းကျင်ဖြစ်ပေါ်စေရန် ပူးပေါင်းဆောင်ရွက်လိုကြောင်း ထုတ်ပြန်သည်။
၂၀၂၄ ခုနှစ်တွင် မလေးရှားနိုင်ငံက မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားအသစ် ( MOU ) လုပ်သားခေါ်ယူခွင့်လျှောက်ထားနှင့် ဗီဇာထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထားခြင်းဖြစ်သည်။
မလေးရှားနိုင်ငံသည် တရားမဝင်နေထိုင်သော မြန်မာအလုပ်သမားများနှင့် နိုင်ငံခြားအလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေးကစစ်ဆေးအရှိန်အဟုန်ဖြင့်ဖမ်းဆီးနေကာ မြန်မာနိုင်ငံသား ၁,၅၀၀ ဦးကို ပထမအဆင့်အနေဖြင့်ပြန်ပို့ရမည်ဖြစ်ကြောင်းထုတ်ပြန်သည်။
ရွေးတုအစိုးရနှင့် မလေးရှားနိုင်ငံတို့သဘောတူညီချက်အရ နှစ်ဖက်သဘောတူးထားသည့်လုပ်ထုံး လုပ်နည်းအတိုင်း မြန်မာနိုင်ငံသား ၅,၀၀၀ ကို စစ်တပ်၏စစ်သင်္ဘောဖြင့် ပြန်ပို့ရန်စီစဉ်ထားခြင်းဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်