နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်

အာဏာသိမ်းမှုကြောင့် နိုင်ငံတကာနှင့် အာဆီယံတို့မှ ပိတ်ဆို့ဖယ်ကျဉ်ထားသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရွေးတုသမ္မတအဖြစ် အသွင်ပြောင်းပြီးနောက် ထိတွေ့ဆက်ဆံ ထောက်ခံပူးပေါင်းနေသည့် နိုင်ငံအချို့အနက် ဗီယက်နမ်နိုင်ငံသို့ လာမည့်စက်တင်ဘာ ၄ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

၎င်း၏ ခရီးစဉ်တွင် ဇနီးဖြစ်သူ ဒေါ်ကြူကြူလှလည်း လိုက်ပါသွားမည်ဖြစ်ပြီး ဗီယက်နမ်သမ္မတ တိုလန်း (To Lam) ၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ သွားရောက်မည်ဖြစ်ကြောင်း ရိုက်တာ သတင်းဌာန အပါအဝင် သတင်းများအရ သိရသည်။

ရွေးတုသမ္မတသည် ယခု ခရီးစဉ်အတွင်း ဗီယက်နမ်သမ္မတ တိုလန်း၊ ဝန်ကြီးချုပ် ဖမ်မင်းချင်း (Pham Minh Chinh)၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ထရန်သန်းမန်း (Tran Thanh Man) တို့အပြင် စီးပွားရေး အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံကာ မြန်မာ-ဗီယက်နမ် စီးပွားရေး ဖိုရမ်သို့လည်း တက်ရောက်မည်ဖြစ်သည်။

အာဆီယံ အဖွဲ့ဝင်နှင့် မဲခေါင်ဒေသတွင်း နိုင်ငံဖြစ်သော ဗီယက်နမ်သည် မိမိတို့ အကျိုးစီးပွားအတွက် ရွေးတုအစိုးရနှင့် ဆက်လက် ထိတွေ့ဆက်ဆံနေသည့် နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံ ကုန်သွယ်မှုမှာ အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၈၅၃ သန်း ရှိခဲ့ရာမှ အာဏာသိမ်းပြီး ၂၀၂၅ ခုနှစ်၌ ဒေါ်လာ ၅၉၀ သန်းအထိ ထိုးဆင်းသွားခဲ့သော်လည်း ယခု ၂၀၂၆ ခုနှစ် ပထမ ၆ လအတွင်း၌ အမေရိကန်ဒေါ်လာ ၃၃၅ သန်းအထိ ပြန်လည် ဦးမော့လာခဲ့သည်။

ထို့ကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှုကို ဒေါ်လာ ၁ ဘီလီယံအထိ ပြန်လည် မြှင့်တင်နိုင်ရေး ဗီယက်နမ်ဘက်က ပြီးခဲ့သည့် ဩဂုတ်လအတွင်း ရွေးတုအစိုးရနှင့် တွေ့ဆုံ ဆွေးနွေးထားသည်။

ထို့ပြင် ဗီယက်နမ် စစ်တပ်ပိုင် Viettel နှင့် မြန်မာစစ်တပ်တို့ ဖက်စပ် လုပ်ကိုင်နေသည့် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၄ ဘီလီယံ တန်ဖိုးရှိ Mytel ဆက်သွယ်ရေး အပါအဝင် စီမံကိန်း ၁၀၇ ခုကို ရွေးတုအစိုးရဘက်မှ ကာကွယ်ပေးရန် လုံခြုံရေးဆိုင်ရာ ကတိကဝတ်များကိုလည်း ဗီယက်နမ်ဘက်က တောင်းဆိုထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း နေပြည်တော်သို့ လာရောက်ခဲ့သည့် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး လေဟွိုင်ထရုန်း (Le Hoai Trung) ၏ ခရီးစဉ်အတွင်း ရွေးတုသမ္မတနှင့် တွေ့ဆုံရာ၌ အဆိုပါ ကိစ္စများကို ထည့်သွင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

စစ်ဘက်ဆိုင်ရာ သင်တန်းများနှင့် ဆိုက်ဘာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများတွင် ဗီယက်နမ်ထံမှ ကူညီမှု ရယူနိုင်ရန် ရွေးတုအစိုးရဘက်က မျှော်လင့်နေပြီး ယခု ခရီးစဉ်သည် ရွေးတုသမ္မတအဖြစ် သွားရောက်သည့် ၇ နိုင်ငံမြောက် ခရီးစဉ်ဖြစ်ကာ ၎င်းတို့၏ တရားဝင်မှုကို ပြသရန်၊ အာဆီယံအတွင်း ပြန်လည် ဝင်ဆံ့ရေးနှင့် စီးပွားရေး ထွက်ပေါက်ရှာရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အကဲခတ်များက သုံးသပ်ကြသည်။

တစ်ဖက်တွင်လည်း ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သည့် ACMECS (ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု) မဟာဗျူဟာနှင့် CLMV (မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်) ပူးပေါင်းဆောင်ရွက်မှုတို့တွင် ယခုနှစ် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ ကိုယ်စားပြု ရွေးတုအစိုးရက တာဝန်ယူထားရသဖြင့် ထိပ်သီးအစည်းအဝေးများ ကျင်းပနိုင်ရန်လည်း စီစဉ်လျက်ရှိသည်။

ရွေးတုသမ္မတအဖြစ် ၎င်းတို့ကို အကျိုးစီးပွားအတွက် ထောက်ခံကူညီနေသော အိန္ဒိယ၊ လာအို၊ တရုတ်၊ ရုရှား၊ ဘီလာရုစ်နှင့် ထိုင်းနိုင်ငံတို့သို့ သွားရောက်တွေ့ဆုံထားပြီး ယခု ဗီယက်နမ် ခရီးစဉ် ပြီးဆုံးပါက ယခုလအတွင်း၌ပင် ကမ္ဘောဒီးယားနိုင်ငံသို့ ထပ်မံ သွားရောက်ရန် စီစဉ်နေကြောင်း သိရသည်။