ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာတွင် သေဆုံးသူ ၁၂ ဦးမှာ ရွေးတုအစိုးရခန့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ခေါင်းဆောင်ပိုင်းများသာ ဖြစ်ပြီး စစ်တပ်က အရပ်သားများအဖြစ် သတင်းမှား ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။
ဩဂုတ် ၃၁ ရက် နံနက်ခြာက်နာရီခန့်က ထမ္မကြီးကျေး ရွာ၌ စုဝေးနေသည့် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး စိုးလင်းထိုက်၊ ဒုခေါင်းဆောင်၊ ဘဏ္ဍာရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုအတွင်း အသက် ၄၄ နှစ်အရွယ် ပျူစောထီးခေါင်းဆောင် စိုးလင်းထိုက် အပါအဝင် မောင်သိန်း၊ ချစ်စန်းမောင်၊ ဗိုလ်သက်လင်း၊ သန်းဌေးအောင်၊ ဝေယံစိုး၊ ဇော်ခက်၊ ဦးဟိန်းဝဏ္ဏဇော်၊ ဒေါ်ခင်မူ၊ ဝင်းနိုင်၊ အုန်းမောင်နှင့် ဒေါ်လဲ့လဲ့ဝင်းတို့ ၁၂ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများအနက် ဝေယံစိုးမှာ စစ်မှုထမ်းအပတ်စဉ် (၂) သင်တန်းဆင်းတစ်ဦးဖြစ် ကြောင်း သိရသည်။
”သူတို့က စစ်တပ်က ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ပိုင်းတွေဖြစ်လို့ စစ်ရေးပစ်မှတ်အဖြစ် ရှင်းလင်းတာပါ။ စစ်တပ်လော်ဘီတွေက အရပ်သားတွေ အသတ်ခံရသလို ဝါဒဖြန့်နေတာဖြစ်ပါတယ်” ဟု Guardians Of Mahlaing မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသူများသည် စစ်တပ်ထုတ်ပေးထားသည့် လက်နက်များ ကိုင်ဆောင်ကာ စစ်တပ်နှင့် ပူးပေါင်း၍ ဒေသခံများအား ဖမ်းဆီးခြင်း၊ ဖိအားပေးခြင်းများ ပြုလုပ်နေသူများဖြစ်ကြောင်း သိရသည်။
စစ်တပ်ဘက်က ဩဂုတ် ၃၁ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ရာ၌ ထမ္မကြီးကျေးရွာတွင် သေဆုံးသူ ၁၂ ဦးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အရပ်သားများဖြစ်ကြောင်း လိမ်လည်ဝါဒဖြန့် ဖော်ပြထားပြီး ယင်းရွာတွင် တပ်စွဲအထိုင်ချကာ အနီးဝန်းကျင်ရွာများသို့လည်း အင်အားဖြန့်ဝင်ရောက်နေကြောင်း သိရသည်။