ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၉ရက်
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့တွင် လှေမှောက်မှုကြောင့် ရေထဲနစ်မြုပ် ပျောက်ဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
ယနေ့ ဩဂုတ် ၂၉ရက် နံနက် ၆နာရီခန့်တွင် လှေမှောက်ခဲ့သည့် ရွာသစ်ကုန်းအနီးတွင်ပင် ရေထဲနစ်မြုပ် ပျောက်ဆုံးခဲ့သူ၏ အလောင်းကို ပြန်လည်ရှာတွေ့ခဲ့ပြီး ရေကြည်မြို့သို့သဂြိုဟ်ရန်ပို့ဆောင်လိုက်ကြောင်းသိရသည်။
”ရေနစ်မြုပ်မှုတွေစဖြစ်ကတည်းက ငသိုင်းချောင်း သဂြိုဟ်စက်ကို ခေတ္တအသုံးပြုလို့မရတော့ဘဲ ရေကြည်ကိုပို့ရတာ။ အခု အလောင်းကိုလည်း ရေကြည်ကို ပို့ရတယ်။ ကယ်ဆယ်ရေးတွေက ပျောက်ဆုံးသူကို ၃ရက်ဆက်တိုက်ရှာဖွေပေးခဲ့ကြတာပါ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၇ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်နှင့် ရွာသစ်ကုန်းကျေးရွာအကြားရှိ ရိုးချောင်းအတွင်းသို့ အမျိုးသား ၂ ဦး လှေဖြင့် ငါးမျှားထွက်ခဲ့ကြရာမှ လှေေမှာက်ပြီး ရေထဲသို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဖြစ်ပွားသည့်နေရာသည် ကွင်းပြင်အတွင်း ရေပြင်ကျယ်၍ ရေစီးသန်သည့်နေရာဖြစ်သဖြင့် ရေထဲပြုတ်ကျသူ ၂ ဦးအနက် မြို့သစ်ရပ်ကွက်တွင် နေထိုင်သူ ကောင်းထက်ဇော် (ခ) ကိုဖိုးထောင် (၂၈ နှစ်) မှာ ရေစီးနှင့်အတူ မျောပါပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
သက်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များက အရေးပေါ် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ကျန်အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်ခဲ့သော်လည်း ပျောက်ဆုံးသွားသူ ကိုဖိုးထောင်ကိုမူ ဆက်လက်ရှာဖွေခဲ့ရသည်။
ထို့နောက် ရှာဖွေမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ရာ ယနေ့ ဩဂုတ် ၂၉ ရက် နံနက် ၆ နာရီခန့်တွင် ရွာသစ်ကုန်းတံတားအနီး လှေမှောက်ခဲ့သည့်နေရာနှင့် မနီးမဝေးတွင် ပျောက်ဆုံးနေသူ ကိုဖိုးထောင်၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- Myanmar Rescue organization