နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၉ ရက်
ချင်းပြည်နယ်တွင် အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေမှုအပါအဝင် နယ်မြေအများစုကို ချင်းပြည်ကောင်စီ (CC) က ထိန်းချုပ်ထားပြီး ၎င်းတို့ဥပဒေနှင့်အညီ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့်ယန္တရားများအား စုပေါင်းညီညွတ်မှုဖြင့် အကောင်အထည် ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။
စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်ရင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် အတည်ပြုပြဋ္ဌားန်းခဲ့သော ချင်းပြည် (Chinland) ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အစုအဖွဲ့ (၃) ခုဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ချင်းပြည်ကောင်စီ (CC) သည် (၂) နှစ်ခွဲကာလအတွင်း ယခုကဲ့သို့ ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံက သိရသည်။
အဆိုပါယန္တရားများ ဖော်ဆောင်နေမှုကို Chin Centre for Peace and Reconciliation (CCPR) ၏ ပံ့ပိုးကူညီမှုဖြင့် အစီရင်ခံစာ ရေးသား၍ မိတ်ဆက်မှုနှင့်အတူ အောင်မြင်မှုများ၊ လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများအား ယမန်နေ့ ဩဂုတ် ၂၈ ရက်တွင် အွန်လိုင်းမှတဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဆိုသည်။
“တော်တော်များများ မြို့အပါအဝင် ကျေးရွာအကုန်လုံးမှာတော့ နေပြည်တော်ရဲ့ ဩဇာသက်ရောက်မှု လုံးဝမရှိဘူး။ အဲဒီမှာ ကျွန်တော်တို့ CC ကနေ ဦးဆောင်ပြီး အုပ်ချုပ်ရေး အကောင်အထည်ဖော်နေတာ ရှိပါတယ်” ဟု ချင်းပြည်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးရ်က သတင်းမီဒီယာများကို ပြောသည်။
ချင်းပြည်ကောင်စီ(CC)ကို တော်လှန်ရေး၌ ပူးပေါင်းပါဝင်နေသော ၂၀၂၀ ရွေးကောက်ခံအမတ်များဖြစ်သည့် ချင်းလွှတ်တော်အစုအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး(CNF)အစုအဖွဲ့နှင့် မြို့နယ်/ဒေသအစုအဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး ယင်းအောက်တွင် လွှတ်တော်၊ အစိုးရ၊ တရားလွှတ်တော်ချုပ်တို့ ပါဝင်ကြောင်း သိရသည်။
ထို့အပြင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (CDFs) (၁၉) ဖွဲ့တို့ကို ကြီးကြပ်၍ နယ်မြေ ၃၀,၀၀၀ စတုရန်း ကီလိုမီတာခန့် ကျေးရွာပေါင်း ၈၂၉ ရွာအား ထိန်းချုပ်လွှမ်းခြုံထားကာ အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်ဒေသလည်း ပါဝင်နေဟု ချင်းပြည်ကောင်စီ(CC)ထံက သိရသည်။
“စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးစနစ်ဟာ ချင်းပြည်သူအပေါ် အသက်ဝင်မှု အနည်းအကျဉ်းသာရှိတယ်။ သူတို့ခြေကုပ်ယူထားတဲ့ မြို့တွေမှာတောင် အုပ်ချုပ်ရေးကို ထိရောက်စွာ ဖော်ဆောင်နိုင်ခြင်း မရှိဘူး” ဟု ချင်းပြည်ကောင်စီ (CC) အတွင်းရေးမှူးဖြစ်သူ ဆလိုင်း ကဲပ်ချင်းထန်းက သတင်းမီဒီယာများကို ထောက်ပြဆိုသည်။
လက်ရှိတွင် အာဏာသိမ်း ရွေးတုအစိုးရအနေဖြင့် ချင်းပြည်နယ်ရှိ မြို့များအနက် ဖလမ်းနှင့် တွန်းဇံမြို့ပေါ်အပြင် လမ်းကြောင်းအချို့ကိုသာ ပြန်လည်ထိန်ချုပ်ထားနိုင်ပြီး ထိုမှအခြေခံ၍ တပ်ဂိတ်စခန်းများ တိုးချဲ့၊ စစ်အင်အား ဖြည့်တင်းကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ဒေသခံ စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေးဘဲ ချင်းပြည်အတွင်းနှင့် ပြင်ပ၌ပင် စစ်ဘေးရှောင်ဦးရေ ၂၀၀,၀၀၀ နီးပါးရှိနေပြီး ယင်းအတွက် ချင်းပြည်ကောင်စီ (CC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့က ကူညီထောက်ပံ့နေသော်လည်း လုံလောက်မှုမရှိကြောင်း သိရသည်။
ဓာတ်ပုံ – ချင်းပြည်ကောင်စီ(CC)