ဧရာဝတီတိုင်းမ်
(မိုးဗြဲ)၊ ဩဂုတ် ၂၉ ရက်
ရှမ်း-ကရင်နီနယ်စပ်တွင် ရွေးတုအစိုးရလက်အောက်ခံ မိုးဗြဲအခြေစိုက် ခမရ-၄၂၂ တပ်ရင်းကာကင်းစခန်းမှ ထွက်လာသည့် စစ်ကြောင်းများ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပြီးခဲ့သည့် ဇွန်လမှစတင်ကာ သုံးလဆက်တိုက် တိုက်ပွဲများဖြစ်ပွါးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF) ထံကသိရသည်။
ယမန်နေ့ ဩဂုတ် ၂၈ ရက်နေ့ကလည်း လွယ်ယင်းတောင်ခြေသို့ချဉ်းကပ်လာသည့် အင်အား ၂၀၀ နီးပါးပါဝင်သည့် စစ်ကြောင်းမှ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ဖယ်ခုံ၊ မိုးဗြဲ ခမရ-၄၂၂ တပ်ရင်း၊ လွိုင်ကော်နှင့် လွိုင်လင်လေး အခြေစိုက် တပ်ရင်းများဘက်ကပါလက်နက်ကြီးအလုံးရေ ၈၀ ထက်မနည်း ပစ်ခတ်ခဲ့သည့်အတွက် တော်လှန်ရေးရဲဘော်အချို့ အသေးစားဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
စစ်တပ်စစ်ကြောင်းများမှာ ပြီးခဲ့သည့် ဩဂုတ် ၂၇ ရက်နေ့ကလည်း တော်လှန်ရေးတပ်ဖွဲ့များရှိရာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး MBPDF နှင့် မဟာမိတ်အဖွဲ့များက ဒရုန်းဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် ၂၉ ရက်နေ့ကလည်း မိုးဗြဲမြို့အနီးရှိ စစ်တပ်ကာကင်းစခန်းတစ်ခုကို MBPDF နှင့် မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အလောင်း တစ်လောင်း၊ သုံ့ပန်း တစ်ဦးနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ဇူလိုင် ၇ ရက်နှင့် ၈ ရက် တို့တွင်လည်းလွယ်ယင်းတောင်ခြေအနီး၌ တိုက်ပွဲများဖြစ်ပွါးခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း MBPDF ထံက သိရသည်။
အဆိုပါ သုံးလတာတိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့များက စစ်တပ်၏ ဒရုန်း သုံး စီးကိုဖျက်ဆီးနိုင်ခဲ့ကာ နှစ်စီးမှာ ပျက်စီးသွားခဲ့ပြီး တစ် စီးကို သိမ်းဆည်းရမိထားကြောင်းလည်း သိရသည်။
လက်ရှိတွင် မိုးဗြဲဒေသ၌ တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ပြီး စစ်တပ်ဘက်မှ လက်နက်ကြီးနှင့် ဒရုန်းများ ရမ်းသမ်းပစ်ခတ်နေသည့်အတွက်ပြည်သူများအနေဖြင့် လွယ်ဝိုင်း၊ လွယ်ယင်းတောင်ခြေ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများကိုမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ – MBPDF