နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၉ ရက်

နယ်စပ်ဒေသရောက် တော်လှန်ရေး အင်အားစုများကို ဖမ်းဆီးရန်၊ လက်နက်ခဲယမ်းအပါအဝင် ထောက်ပို့လမ်းကြောင်းများ ပိတ်ဆို့ရန်နှင့် နယ်စပ်လုံခြုံရေးကိစ္စအတွက် နေပြည်တော်တွင် ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီ (NSC) အတွင်းရေးမှူးချုပ် Mr.Chatchai Bangchuad နှင့် ရွေးတုအစိုးရ၏ တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ ထပ်မံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ အာဏာသိမ်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်နှင့် လက်အောက်ခံ ရွေးတုအစိုးရ၏ တပ်ချုပ်တို့ ယခုလအတွင်း သွားရောက်ပြီးနောက် ၎င်းတို့တောင်းဆိုခဲ့သော အဆိုပါကိစ္စရပ်များအတွက် နေပြည်တော်သို့ NSC အတွင်းရေးမှူးချုပ် လာခြင်းဖြစ်ပြီး နှစ်ဖက်တပ်အကြား ပူးပေါင်းမှုများ ပိုမိုတိုးမြှင့်ရေးလည်း ဆွေးနွေးခဲ့ကြောင်း ယနေ့ထုတ် ဝါဒဖြန့် သတင်းစာအရ သိရသည်။

အာဏာသိမ်း ရွေးတုအစိုးရအနေဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသူများထဲ ၎င်းတို့ကို ခုခံတော်လှန်နေသည့် တော်လှန်ရေး အင်အားစုများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ CDM များ စသည်တို့ အများဆုံးရှိနေပြီး ထိုမှတစ်ဆင့် ထောက်ပံ့ရေးလမ်းကြောင်းများ စီးဆင်းနေသည်ဟု တွတ်ဆထားကြောင်း စစ်ဘက်ဆိုင်ရာ စောင့်ကြည့်သူ CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

” လက်နက်ခဲယမ်း မှောင်ခိုလမ်းကြောင်းက ကရင်၊ ကရင်နီ၊ တနင်္သာရီတွေကနေ ပြည်တွင်းထဲကို စီးဆင်းနေတယ်ဆိုပြီး စစ်အုပ်စုဘက်က ထောက်လှမ်းရရှိထားတယ်။ ဒါတွေကို သူတို့ အဓိကထားပြီး ပြင်းပြင်းထန်ထန် ကိုင်တွယ်မယ့် အခြေအနေမျိုး။ ဒီနေ့ဆိုလည်း ထိုင်းနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးလို့ရမယ့် ဥပဒေကို အသက်သွင်းလိုက်တာ တွေ့ရတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နေပြည်တော်၌ ထိုင်း NSC အတွင်းရေးမှူးချုပ်နှင့် ရွေးတုအစိုးရ၏ တပ်ချုပ်တို့ တွေ့ဆုံရာတွင် လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများ တရားမဝင်သယ်ဆောင် ရောင်းဝယ်ဖောက်ကားမှု တားဆီးထိန်းချုပ်ရေး၊ နယ်စပ်ဒေသလုံခြုံရေး၊ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ အပြန်အလှန်ပေးပို့ ဖလှယ်ရေးတို့ ဆွေးနွေးခဲ့ကြောင်း ရွေးတုအစိုးရက ဆိုသည်။

ထို့အပြင် နယ်စပ်ကုန်သွယ်ရေး၊ ကျားဖြန့် (ခ) အွန်လိုင်းလိမ်လည် လောင်းကစားမှုကိစ္စတို့လည်း ပါဝင်ပြီး အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်ပတ်သက်သူများ၏ ၉၉ ရာခိုင်နှုန်းကျော်သည် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများဖြစ်၍ နှစ်ဖက်အကြား ပိုမိုတိုးမြှင့်ပူးပေါင်းကာ တားဆီးသွားမည့် ကိစ္စရပ်တို့အား ဆွေးနွေးခဲ့ကြောင်း ရွေးတုအစိုးရ၏ ဝါဒဖြန့် သတင်းစာ၌ ဖော်ပြထားသည်။

ယခုတွေ့ဆုံမှုသည် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်းအဖြစ်မှ ရွေးတုသမ္မတ စစ်ခေါင်းဆောင် ယုံကြည်မှုဖြင့် တပ်ချုပ်ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ဩဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ သုံးရက်ကြာ သွားရောက်သော ပထမဆုံး ပြည်ပခရီးစဉ်အပြီး နောက်ဆက်တွဲ ဆွေးနွေးခြင်းဖြစ်သည်။

“မြေပြင်က ရဲဘော်တွေအတွက် မရှိမဖြစ်လိုအပ်နေတဲ့ ဆေးဝါး၊ ရိက္ခာတွေနဲ့ တခြားထောက်ပို့ကိစ္စတွေကို တိုက်ရိုက်သွားပြီး အဟန့်အတား ဖြစ်စေနိုင်တယ်။ သတင်းအချက်အလက် ဖလှယ်မယ်ဆိုတာရယ်၊ ကျားဖြန့်ကိစ္စ အကြောင်းပြပြီး တရားမဝင် ဝင်လာသူတွေကို နှိမ်နင်းမယ်ဆိုတာက တော်တော်လေး စိုးရိမ်စရာကောင်းတယ်” ဟု CDM ဗိုလ်ကြီးညီသုတက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအပြင် သတင်းအချက်အလက်များကို အသုံးပြု၍ ထိုင်းနိုင်ငံသို့ ရှောင်တိမ်းနေရသော နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများအား ရှာဖွေဖမ်းဆီးမှုများ ထိုင်းအစိုးရ ပိုမိုလုပ်လာနိုင်သလို ဥပဒေနှင့် မညီသည့် အလုပ်သမားအချို့ကိုလည်း အာဏာသိမ်း ရွေးတုအစိုးရထံ ပြန်လွှဲပေးမှုများ လက်ရှိထက် ပိုမိုများလာနိုင်သဖြင့် စိုးရိမ်စရာရှိကြောင်း ၎င်းက ဆက်လက်သုံးသပ် ထောက်ပြသည်။

အဆိုပါခရီးစဉ်များအတွင်း ၎င်းတို့စစ်ရှုံး အထိနာလျက်ရှိသည့် ကရင်၊ ကရင်နီပြည်နှင့် တနင်္သာရီတိုင်းတို့ကို ထိန်းချုပ်နိုင်စေရန် ထိုဒေသများရှိ တော်လှန်ရေး တပ်ဖွဲ့များထံသို့ လက်နက်ခဲယမ်း၊ အခြားစစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ထိုင်းနယ်စပ်ဘက်မှ ဝင်ရောက်မှုမရှိအောင် ပူးပေါင်း‌သွားရေး ရွေးတုသမ္မတနည်းတူ ၎င်းလက်အောက်ခံ တပ်ချုပ်ကလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ရက်တစ်ပတ်အကြာ ယမန်နေ့ ဩဂုတ် ၂၇ ရက်တွင် ထိုင်းဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ရာထူးမှ NSC အတွင်းရေးမှူးချုပ်အဖြစ် ၂၀၂၄ ခုနှစ်၌ ဖြစ်လာသော Mr.Chatchai Bangchuad ကို နေပြည်တော်တွင် အာဏာသိမ်း ရွေးတုအစိုးရ၏ တပ်ချုပ်က ထပ်မံတွေ့ဆုံခြင်းဖြစ်၍ ထိထိရောက်ရောက် လက်တွေ့ပူးပေါင်းသွားရန် တွန်းအားပေးနိုင်ကြောင်း CDM အရာရှိများက ဆိုသည်။

အလားတူ ထိုင်းအစိုးရအနေဖြင့်လည်း ကျားဖြန့်ဂိုဏ်းကိစ္စ၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကုန်သွယ်ရေး ကိစ္စတို့အတွက် အိမ်နီးချင်း ဖြစ်နေမှုအပေါ် အခြေခံ၍ ထိတွေ့ဆက်ဆံ ပူးပေါင်းနေသလို အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး၊ ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ အကျိုးအမြတ်ရရှိစေရန် အာဏာသိမ်း ‌ရွေးတုအစိုးရ အလိုတော်ကျ လုပ်နေခြင်းဖြစ်ကြောင်း သုံးသပ်ထောက်ပြကြသည်။