ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၉ ရက်
မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းနယ်ပယ်အပါအဝင်ကဏ္ဍစုံတွင်ပါဝင်နေသော ကိုရီးယားအသိုင်းအဝန်းကို လုံခြုံရေးနှင့် ဥပဒေရေးရာကာကွယ်စောင့်ရှောက်မှုပေးရန် တောင်းဆိုကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ဩဂုတ် ၂၈ ရက်ကကျင်းပသော မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု၊ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး နှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖိတ်ခေါ်ဆွေးနွေးပွဲတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ ကိုရီးယားအသိုက်အဝန်း၏ လုံခြုံရေး၊ ဥပဒေရေးရာကာကွယ်စောင့်ရှောက်မှု၊ ဘဏ္ဍာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်များပေးရန်ဆွေးနွေးကြကြောင်းသိရသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးဝင်းလှိုင်ဦးနှင့် ဒေါက်တာဆွေဆွေအောင်တို့သည် မြန်မာနိုင်ငံတွင်နေထိုင်လျက်ရှိသော ကိုရီးယားလူမျိုး၅၀ခန့်နှင့်တွေ့ဆုံစဉ် ဆွေးနွေးကြခြင်းဖြစ်ကြောင်းသိရသည်
မြန်မာနိုင်ငံရှိ ကိုရီးယားလူမျိုး နေထိုင်သူများအတွက် နေထိုင်ခွင့် နှင့် ဥပဒေကြောင်းအရအကာအကွယ် ပေးမှုနှင့်ပတ်သက်၍ The Korea Association in Myanmar ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးဝင်းလှိုင်ဦးက ဆွေးနွေး
ပြောကြားပြီး ကိုရီးယားလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ ဆက်လက်တိုးချဲ့ရေးနှင့် လုပ်ငန်းရှင်အသစ်များဖိတ်ခေါ်ပေးနိုင်ရေးဆွေးနွေးကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တောင်ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် စွမ်းအင်၊ ကုန်ထုတ်လုပ်မှု (CMP)၊ စက်မှုဇုန်ဖွံ့ဖြိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိကရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ရှိ မြေဧက ၅၅၀ ကျော် ပေါ်၌ မြန်မာ-ကိုရီးယားပူးပေါင်းဖွဲ့စည်းထားသည့် KMIC ကဒေါ်လာ သန်း ၁၂၀ ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာအဆင့်မီစက် မှုဇုန်စီမံကိန်းလျာထားချက်မှာ ရပ်တန့်နေကြောင်းသိရသည်။
စစ်တပ်အာဏာသိမ်းမှုနှင့်အတူ နိုင်ငံရေးအပြောင်းအလဲနှင့် စီးပွားရေးလုပ်ငန်း ဝန်းကျင်အခက်အခဲများကြောင့် ရင်းနှီးမြှုပ်နှံမှုအသစ် ဝင်ရောက်မှု နှေးကွေးသွားပြီး ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ၇၀ ရာခိုင်နှုန်းခန့်လျော့ကျသွားကြောင်းထုတ်ပြန်ချက်များအရသိရသည်။
၂၀၂၆ ခုနှစ် ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့်နိုင်ငံ၊ ဒေသပေါင်း ၄၈ ခု အနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဟောင်ကောင်(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)တို့ ဖြစ်သည်။
လက်ရှိ စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်ရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၀၆ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ၂၀ ဒသမ ၄၁ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် ၁၅ ဒသမ ၄၇ ရာခိုင်နှုန်းဖြင့် အသီးသီးရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုလုပ်ငန်းကော်မရှင်ထံမှ သိရသည်။