‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၂၉ရက်

‎​ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် လှုပ်ရှားနေသည့် စစ်တပ်၏ စစ်သင်္ဘောများနှင့် ရေယာဉ်အုပ်စုကို စောင့်ရှောက်လိုက်ပါလာသည့် လေယာဉ်များမှ မြစ်ကမ်းဘေးရှိ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

‎မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ ဩဂုတ်လ ၂၁ ရက်နေ့တွင် ထွက်ခွာလာသည့် စစ်တပ်၏ စစ်သင်္ဘောအုပ်စုသည် သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်နှင့် ကသာမြို့များကို ဖြတ်သန်း၍ ယမန်နေ့ ဩဂုတ် ၂၈ရက် နံနက်ပိုင်းတွင် ရွှေကူသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

‎”အခုအခြေအနေက ရွှေကူမှာ ခဲယမ်း၊ စစ်ကူချဖို့ရှိနေပုံရပါတယ်။ အရင်ရက်တွေက ကားအလွတ်တွေ ရွှေကူမှာစုနေတာဆိုတော့လေ။ သင်္ဘောတွေကို လက်နက် အကြီး၊ အသေးနဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်တာမှာ စစ်တပ်က လေကြောင်းကနေ မြစ်ဘေးရွာတွေကို ဗုံးကြဲနေပါတယ်” ဟု ကချင်သတင်း ရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎​ဗန်းမော်ဘက်သို့ ဆန်တက်ရန် ကြိုးပမ်းသည့် အဆိုပါ စစ် ရေယာဉ်အုပ်စုသည် လမ်းကြောင်းအတိုင်း ဆက်လက်ထွက်ခွာနိုင်ခြင်းမရှိဘဲ ရွှေကူမြို့အနီးတွင် ဝိုင်းဝန်း တိုက်ခိုက်ခံရပြီးသောင်တင်ရပ်နားခဲ့ရသည်။


‎ယမန်နေ့ ဩဂုတ် ၂၈ရက် ညမှစ၍ ယနေ့နံနက်ပိုင်းအထိ တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများနှင့် မြစ်ကမ်းဘေး ကျေးရွာများဖြစ်ကြသော ဘိုကုန်း၊ ကျောက်ကြီး၊ ကျောက်တလုံး၊ ရေလဲ၊ ဆင်တပ်၊ သင်္ဘောအင်း၊ မိုးစစ်၊ ကျွန်းတော်၊ သာယာကုန်း၊ ချောင်းဝ၊ မိုးတားနှင့် မြို့ကုန်း စသည့် ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်‌
နေခြင်းဖြစ်သည်။


‎​အဆိုပါ လေကြောင်းတိုက်ခိုက်မှုများတွင် နိုင်ငံတကာက တားမြစ်ပိတ်ပင်ထားသည့် ကလပ်စတာဗုံးများ နှင့် ဆင့်ကဲပေါက်ကွဲတတ်သော အပြင်းစားဗုံးများကိုပါ အသုံးပြုကာ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။


‎​စစ်ရေယာဉ်အုပ်စုဖြတ်သန်းလာသည့် မြစ်ကြောင်းတလျှောက်ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီး ယခု ရွှေကူရောက်လာချိန်တွင်လည်း မြစ်ကမ်းဘေး ကျေးရွာများကို ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။


‎ဓာတ်ပုံ- Lung Jung LA N
‎ပုံစာ- လေကြောင်းတိုက်ခိုက်ခံရသည့် ဘိုကုန်းရွာ