ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၉ ရက်

 

နီပေါနဲ့ တိဘက်နယ်စပ်မှာ ဆူနာမီလို ပြင်းထန်တဲ့ ရေကြီးရေလျှံမှုနဲ့ ရွှံ့နွံတွေကြောင့် ရွာတွေ မျောပါသွားခဲ့ပြီး သောကြာနေ့အထိ ပျောက်ဆုံးသူ အရေအတွက်ဟာ ၂,၄၀၀ ကျော်သွားပြီဖြစ်ပါတယ်။

 

လက်ရှိအချိန်ထိ အလောင်း ၅၈၆ လောင်း ပြန်တွေ့ထားပြီး ရေစီးနဲ့အတူ အချို့အလောင်းတွေ ဟာ အိန္ဒိယနယ်စပ်အထိ မျောပါသွားခဲ့ပါတယ်။

 

နီပေါအာဏာပိုင်တွေက ဘုရားဖူးတွေနဲ့ ခရီးသွားတွေအပြင် ရေအားလျှပ်စစ်စက်ရုံက အလုပ်သ မား ၉၃၃ ဦးကို ပျောက်ဆုံးစာရင်းထဲ ထပ်ထည့်လိုက်တာကြောင့် ပျောက်ဆုံးသူအရေအတွက် ပိုများလာ ပါတယ်။

နီပေါမြို့တော် ခတ္တမန္ဒုက ဆေးရုံတွေမှာ မိသားစုဝင်တွေဟာ ပျောက်ဆုံးနေတဲ့ ဆွေမျိုးတွေကို ဓာတ်ပုံတွေကပ်ထားတဲ့ နံရံတွေမှာ လိုက်ရှာရင်း ငိုကြွေးနေကြပါတယ်။

 

အမေရိကန် ဘူမိဗေဒ စေတနာ့ဝန်ထမ်းအဖွဲ့ (USGS) ရဲ့ အဆိုအရ ဒီသဘာဝဘေးဟာ ရေခဲ တောင်တွေ ပြိုကျမှုကြောင့် ပေါ်ပေါက်လာတာဖြစ်ပြီး နီပေါအတွက် ၂၀၁၅ ခုနှစ် ငလျင်ပြီးရင် အဆိုးရွား ဆုံး ဘေးအန္တရာယ် ဖြစ်လာခဲ့ပါတယ်။

 

ဒီလို ရေခဲနဲ့ ရွှံ့နွံတွေ ပိတ်ဆို့ရာကနေ ရေကန်ကြီးတွေ ဖြစ်ပေါ်လာပြီး အဲဒီထဲက ရေကန်တစ်ခု ဟာ ကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေအတွက် အန္တရာယ်ပေးနေပါတယ်။

တိဘက်မှာ ရေကာတာတွေ ထပ်ကျိုးတယ်ဆိုတဲ့ သတင်းကြောင့် ကယ်ဆယ်ရေးသမားတွေ ဘေးကင်းရာကို ချက်ချင်း ရွှေ့ကြဖို့ နီပေါရဲတပ်ဖွဲ့က သတိပေးထားပါတယ်။

 

တိဘက်ဒေသမှာ ရေကြီးမယ့် အန္တရာယ်ကြောင့် အဆိုးဆုံးခံခဲ့ရတဲ့ ဂျီရုန်းဒေသမှာ ကူညီရေးတွေ ကို ခေတ္တရပ်ထားခဲ့ရပါတယ်။

 

ခရီးသွား ဘုရားဖူးအများအပြား ပျောက်ဆုံးနေရတာဟာ ဒီဒေသဟာ တိဘက်မှာရှိတဲ့ သန့်ရှင်း မြင့်မြတ်လှတဲ့ ကေလာသတောင်ကို သွားတဲ့ အဓိကလမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် ဖြစ်ပါတယ်။

 

ကိုးကား – AFP
Ref: Number of missing in deadly Nepal, China floods jumps past 2,400