ဧရာဝတီတိုင်းမ်
(ဟားခါး)၊သြဂုတ် ၂၈ ရက်

 

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချန်ချွန်းကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှ အကြီးတန်းသင်းအုပ်ဆရာ ရာဗ်ဝီလျံနှင့် နမ်ချူးတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI) နှင့် ဒေသခံများထံမှ သိရသည်။

 

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ ချန်ချွန်းကျေးရွာအနီးရှိ လယ်တဲတစ်ခုတွင် ရှိနေစဥ်တွင် ရွေးတုအစိုးရတပ်၏ တပ်မ ၇၇ လက်အောက်ခံမှ ဖမ်းဆီးပြီးနောက် ဇွန်လ ၄ ရက်နေ့တွင် ၎င်းတို့ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“လယ်တဲထဲမှာ လူ ငါး ယောက်ရှိနေတဲ့အချိန်မှာ သုံး ယောက်က ထွက်ပြေးလွတ်မြောက်သွားတယ်။ သင်းအုပ်ဆရာ ရာဗ်ဝီလျံကတော့ ဘာသာရေးသင်းအုပ်ဆရာတစ်ယောက်ဖြစ်တာကြောင့် သူကို ဘာမှလုပ်မှာ မဟုတ်တဲ့အတွက် ထွက်မပြေးဘဲ ကျန်နေခဲ့တာဖြစ်ပါတယ်”ဟု ဟားခါးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

BRI ၏ သြဂုတ် ၂၇ ရက်နေ့ ထုတ်ပြန်ချက်တွင် သင်းအုပ်ဆရာ ရာဗ်ဝီလျံကို ချင်းကာကွယ်ရေးတပ် – ဟားခါး ထောက်ခံသည်ဟု စွပ်စွဲချက်ဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်ကို ကိုးကားပြီး ဖော်ပြထားသည်။

 

သင်းအုပ်ဆရာ ရာဗ်ဝီလျံ တို့ ဖမ်းဆီးခံရပြီး သုံးလကျော်အကြာ ဩဂုတ် ၂၆ ရက်နေ့က ချန်ချွန်းကျေးရွာတွင် ဒေသခံများအပါအဝင် အသင်းသူ/သားများနှင့် သင်းအုပ်ဆရာများမှ အောက်မေ့ဖွယ် ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

“ရွာမှာတော့ ဟားခါးဘက်က သင်းအုပ်ဆရာတွေ၊ အသင်းသူ၊သားတွေ၊ ဒေသခံတွေက အောက်မေ့ဖွယ် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနား လုပ်ပေးပြီး။ သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ဘက်ကတော့ ဘာမှတုံ့ပြန်တာ မရှိသေးဘူး” ဟု ဟားခါးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ယခုဖြစ်စဥ်နှင့်ပတ်သက်၍ ရွေးတုအစိုးရတပ်သည် တရားရုံးတင်စစ်ဆေးခြင်း (သို့) တရားမျှတသည့် လုပ်ထုံးလုပ်နည်းမရှိဘဲ သတ်ဖြတ်ခြင်းဖြစ်ပြီး တာဝန်ရှိသူများကို အရေးယူပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အမေရိကန်ပြည်ထောင်စုကို BRI က တောင်းဆိုထားသည်။

 

ထို့အပြင် BRI က မြန်မာနိုင်ငံတွင် ဖိနှိပ်ညှဉ်းပန်းခံနေရသည့် ခရစ်ယာန်များကို ကာကွယ်ပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရကို တောင်းဆိုထားသည်။