‎ဧရာဝတီတိုင်းမ်
‎​ဩဂုတ် ၂၈ ရက်

‎​ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်နှင့် ရွာသစ်ကုန်းအကြားရှိ ရိုးချောင်းအတွင်း ဩဂုတ် ၂၇ ရက် ည ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က အမျိုးသားနှစ်ဦး ငါးဖမ်းထွက်စဉ် လှေမှောက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

‎အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့်နေရာသည် ကွင်းပြင်အတွင်း ရေပြင်ကျယ်ပြီး ရေစီးသန်သည့်နေရာဖြစ်ရာ ရေထဲပြုတ်ကျသူ အမျိုးသား နှစ်ဦးအနက် တစ် ဦးမှာ ရေစီးနှင့်အတူ မျောပါပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

‎”လှေမှောက်ပြီး တစ်ဦးက မျောသွားတယ်။ တစ်ဦးသာပြန်လာနိုင်တယ်ဆိုလို့ ကယ်ဆယ်ရေးအဖွဲ့တွေ ညတွင်းချင်း ဆင်းရှာကြတယ် ပြောပါတယ်” ဟုသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎​အဆိုပါ မတော်တဆမှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ချက်ချင်း သွားရောက်ရှာဖွေခဲ့ရာ ရေထဲပြုတ်ကျသူ အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့သည်။

‎​သို့သော်လည်း ရေစီးနှင့်အတူ မျောပါပျောက်ဆုံးသွားသူ ငါးသိုင်းချောင်းမြို့နေ ကောင်းထက်ဇော် (ခ) ဖိုးထောင် အသက် ၂၈ နှစ် ကိုမူ ရေနက်ခြင်း၊ အချိန်ကြာမြင့်ခြင်းတို့ကြောင့် ညပိုင်းတွင် ရှာဖွေရေး ခေတ္တရပ်နားခဲ့ရပြီး လက်ရှိအချိန်ထိ ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

‎ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရေကြည်မှ အသက် ၁၃နှစ်အရွယ် ကလေးတစ်ဦး ရေစီးနှင့်မျောပါ အသက်ဆုံးရှုံးခဲ့ရပြီး လေးမျက်နှာ၊ အိုင်သပြုတွင်လည်း ပရဟိတလုပ်သူ လူငယ်တစ်ဦး ရေစီးအတွင်း မျောပါသေဆုံးခဲ့သည်။

‎လက်ရှိတွင် ငသိုင်းချောင်းမြို့၌ ရေကြီး၊ ရေလျှံမှုဆက်လက်ဖြစ်နေပြီး အချို့နေရာများတွင် ရေအနည်းငယ်ကျသည်ဆိုသော်လည်း လူနေထိုင်ရန် မဖြစ်နိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။

‎ပြီးခဲ့သည့် ဇူလိုင် ၃၀ရက် ညပိုင်းမှစ၍ လေးမျက်နှာမြို့ ငဝန်တာကျိုးပေါက်ပြီး မြစ်ရေမြင့်တက်မှုများကြောင့် လေးမျက်နှာမြို့ ရေကြီးခဲ့ပြီး နောက်ဆက်တွဲအဖြစ် ငသိုင်းချောင်း၊ ရေကြည်၊ ဟင်္သာတ၊ ကျောင်းကုန်းစသည့် မြို့များတွင်ပါ ရေကြီး ရေလျှံနေခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ- ရဲသူရိန် ကယ်ဆယ်ရေးအဖွဲ့