ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်

 

မြန်မာရသစာပေလောကတွင် ယခုခေတ်နောက်ပိုင်း ခေတ်စားလာသည့် အမျိုးသားချင်း (သို့မဟုတ်) အမျိုးသမီးချင်း ချစ်ကြိုက်သည့် လိင်တူမေတ္တာဖွဲ့ (BL ၊ GL) စာအုပ်များကို တရားမဝင် ရောင်းချနေသော လူမှုကွန်ရက် Facebook Page ကိုး ခုကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ရွေးတုအစိုးရလက်အောက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီခြင်းမရှိဘဲ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သည့် အဆိုပါ စာအုပ်များကို တရားမဝင် ရောင်းချနေသည်ဟုဆိုကာ တရားစွဲဆိုမည့် စာမျက်နှာ ကိုး ခုမှာ ရွှေအိမ်စာပေ၊ ဆူးခေတ်စာပေ၊ Chi စာပေ၊ ဘဝထက်စာပေ၊ ဧရိပ်၊ Alora Eleven Book House၊ Libra Book Shop၊ နွေဦးကံကော် စာအုပ်ဆိုင်နှင့် Z for Zodiac တို့ ဖြစ်ကြသည်။

အဆိုပါ စာအုပ်အရောင်း စာမျက်နှာများသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ ပုဒ်မ ၁၅ ပါ “မည်သူမျှ သက်ဆိုင်ရာ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း (သို့မဟုတ်) သတင်းအေဂျင်စီ လုပ်ငန်းလုပ်ကိုင်ခြင်း မပြုရ” ဆိုသည့် တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန် ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

“လူတွေ ရသစာပေ ခံစားတတ်ဖို့တော့ လိုတယ်။ အခုက ဖိနပ်မတော်လို့ ခြေဖနောင့် လှီးသလိုမျိုး ဖြစ်နေတယ်။ ဒါဟာ စာပေကို ခွဲခြားတာပါပဲ။ အလွန်အကျွံ အရေးအသားမျိုး မဖြစ်အောင် ထိန်းကျောင်း ဖို့ပဲ လိုတာပါ။ စာဖတ်သူတွေအနေနဲ့ စာတွေကို ဖတ်ရှုခြင်းအားဖြင့် သူတို့ဘာသာ ခွဲခြားနားလည် သွားကြမှာပါ။ စာဖတ်ခြင်းကနေ အတွေ့အကြုံ ရရှိဖို့ကပဲ အရေးကြီးပါတယ်” ဟု စာပေဆိုင်ရာ ဝေဖန် သုံးသပ်သူ စာပေဆောင်းပါးရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် ပုံနှိပ်သူနှင့် ထုတ်ဝေသူ အပါအဝင် ပုံနှိပ်မှတ်တမ်း ဖော်ပြထားခြင်းမရှိသည့် တရားမဝင် ထုတ်ဝေစာများကို ရောင်းချနေသော စာအုပ်အရောင်းဆိုင်များကို ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တရားစွဲဆိုထားကြောင်း ရွေးတုအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနထံမှ သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်