ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်
ဧရာဝတီတိုင်းအတွင်းသို့ စစ်တပ်က ပြည်နှင့် ရန်ကုန် မှတစ်ဆင့် စစ်ကား စုစုပေါင်း အစီး ၈၀ ခန့်ဖြင့် စစ်အင်အားထောင်ချီကို တိုးချဲ့ ပို့ဆောင်နေကြောင်း စစ်ရေးသတင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၆ရက်နေ့က ပြည်ဘက်မှ ဆင်းလာသည့် စစ်တပ် အင်အား ၈၀၀ ကျော် ပါဝင်သော စစ်ကား ၄၅ စီးခန့်သည် ဟင်္သာတမှတစ်ဆင့် အထောင်သို့ ကျော်လွန်ကာ ပုသိမ်သို့ ဆက်လက်မောင်းနှင်သွားခဲ့ကြောင်း သိရသည်။
”ပုသိမ်ကို ဝင်လာတဲ့ ယာဉ်တန်းထဲက တချို့ကို သာပေါင်းဘက် ဆက်ထွက်ခိုင်းတာတွေ့ရပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ယမန်နေ့ ညနေပိုင်းတွင်လည်း ရန်ကုန်-ပုသိမ် ကားလမ်းအတိုင်း စစ်ကား အစီး ၃၀ ကျော်ပါဝင်သည့် စစ်ယာဥ်တန်းသည် ပုသိမ် နတခ အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ လမ်းကြောင်းနှစ်ခုပေါင်း အင်အား ၁၆၀၀ ခန့်ပါဝင်ကြောင်း သိရပြီး သာပေါင်းဘက်ကို ဆက်လက်ပို့ဆောင်လျက်ရှိသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက်နေ့တွင် သာပေါင်းမြို့နယ်၊ စက်ဒေါင့်ကြီးဆိပ်ကမ်းသို့ လူနာပို့သည့် စစ်မော်တော်ယာဉ်တစ်စီး ရောက်ရှိလာခဲ့ပြီး သာပေါင်း၊ မရမ်းချို လမ်းကြောင်းကို အသုံးပြုကာ ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်နေကြောင်း သိရသည်။
ရေကြောင်းမှတစ်ဆင့် စစ်အင်အားဖြည့်တင်းမှုအနေဖြင့် ရန်ကုန်၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ စစ်မော်တော်ယာဉ် ၂၀ ဝန်းကျင် တင်ဆောင်ထားသည့် မြစ်တွင်းသွား သင်္ဘောများသည် ဧရာဝတီတိုင်းဘက်သို့ ထွက်သွားကြောင်း သိရသည်။
ဧရာဝတီတိုင်းအတွင်းကို ပြီးခဲ့သည့် ဇူလိုင်နောက်ဆုံးပတ်နှင့် ဩဂုတ် ပထမပတ်အတွင်းတွင် စစ်အင်အား ၆၀၀ မှ ၈၀၀ အထိဖြည့်တင်းထားပြီး ယခုရက်အတွင်း အင်အားထောင်ချီ ထပ်မံဖြည့်တင်းလိုက်ခြင်းဖြစ်သည်။