ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်

ပဲခူးတိုင်း၊ ပြည်မြို့မှ ထွက်ခွာလာသည့် စစ်အင်အားအပြည့်ပါ ရွေးတုအစိုးရ စစ်တပ်၏ မော်တော်ယာဉ် ၄၃ စီးပါ ယာဉ်တန်းသည် ပန်းတောင်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာပြီး စစ်ရေးအင်အား အလုံးအရင်း ဖြည့်တင်းနေကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

အဆိုပါ စစ်ယာဉ်တန်းသည် လက်ရှိ မင်းတုန်းဘက်တွင် ရောက်ရှိလှုပ်ရှားနေသည့် တပ်မ (၅၅) စစ်ကြောင်းများနှင့် ပူးပေါင်းရန် ရောက်ရှိလာခြင်းဖြစ်သည်။

“တပ်မ (၅၅) ရဲ့ ယာဉ်တန်းတွေက အရင်က မိတ္ထီလာ-မကွေး လမ်းကြောင်းအတိုင်း မောင်းလာကြတာပါ။ အခု ဝင်လာတဲ့ ယာဉ်တန်းကျတော့ ကိုးပင်-သာဂရ လမ်းကြောင်းဘက်ကနေ ပန်းတောင်းထဲ တိုးဝင်လာတာ ဖြစ်ပါတယ်။ အခုပါလာတဲ့ တပ်အမှတ်တွေကိုတော့ စိစစ်နေတုန်းပဲ ရှိပါသေးတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် သူရဲတန်းကြိုးဝိုင်း ပတ်ဝန်းကျင်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) နယ်မြေများ၌ မြေပြင် ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ရမ်းသန်းပစ်ခတ်နေကြောင်း သိရသည်။

“ကာကွယ်ရေးပစ္စည်းစက်ရုံ နယ်မြေတွေဘက်မှာတော့ မြေပြင် ထိတွေ့တိုက်ပွဲအထိ မဖြစ်သေးပါဘူး။ ဒါပေမဲ့ အချို့ညတွေမှာ ရွေးတုအစိုးရ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ် တာမျိုးတွေ ခပ်စိပ်စိပ် လုပ်နေပါတယ်” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောသည်။

ပန်းတောင်းမြို့နယ်သည် ရခိုင်ရိုးမနှင့် ထိစပ်နေသည့် စစ်ရေးဗျူဟာကျ နယ်မြေဖြစ်သဖြင့် ရွေးတု အစိုးရ စစ်တပ်က အင်အားတိုးမြှင့်ကာ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရန် ပြင်ဆင်နေခြင်းဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်မှုများနှင့် စစ်အင်အား ဖြည့်တင်းမှုများကြောင့် နယ်မြေအတွင်း စစ်ရေးတင်းမာမှု မြင့်တက်လျက်ရှိသည်။

ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)