ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့တွင် ကားပါကင်ကိစ္စနှင့် ပတ်သက်၍ စကားများရာမှ လက်ပစ်ဗုံးဖြင့် ဖောက်ခွဲမည်ဟု ခြိမ်းခြောက်ခဲ့သည့် စစ်တပ်မှ အရာခံဗိုလ်တစ်ဦးကို ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားခဲ့ကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၂၆ ရက် ည ခုနှစ်နာရီခန့်တွင် နမ့်စန်မြို့၊ အမှတ် (၂) ရပ်ကွက်၊ နမ့်စန်-မိုးနဲသွား ကားလမ်းဘေးရှိ ခိုင်မေတ္တာဆေးခန်းရှေ့၌ Honda Fit အဖြူရောင်မော်တော်ယာဉ်ကို ဆေးခန်းဝင်ပေါက် ပိတ်ဆို့ရပ်ထားရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
ဆေးခန်းတာဝန်ခံ ဦးဇေယျာလင်းက ယာဉ်ကို လမ်း ဖယ်ပေးရန် ပြောဆိုရာမှ နှစ်ဖက် အခြေအတင် စကားများခဲ့ကြပြီး၊ ယာဉ်ပေါ်ပါလာသည့် အမျိုးသားက လက်ပစ်ဗုံးဟု ယူဆရသည့် အရာတစ်ခုကို ထုတ် ယူကာ ဖောက်ခွဲမည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် သက် ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆိုပါအရာခံဗိုလ်သည် လက်ပစ်ဗုံးကိုကိုင်ပြီး အော်ဟစ်ဆဲဆိုကာ မောင်းနှင်ထွက်ခွာသွားခဲ့ရာ နာရီစင်အနီးအရောက်တွင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ယာဉ်ဘီးပေါက်ကာ လမ်းဘေးရှိ ကြက်ကင်ဆိုင်ကို ဝင်တိုက်မိပြီး ရပ်တန့်သွားခဲ့သော်လည်း ယာဉ်ပေါ်မှ ဆင်းလာခြင်းမရှိသဖြင့် ရဲတပ်ဖွဲ့က ထပ်မံပစ်ခတ်ခဲ့သည်ဟုဆိုသည်။
ယာဉ်အတွင်း ဝင်ရောက်စစ်ဆေးရာ ၎င်းအမျိုးသားမှာ ဖောက်ထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး သေဆုံးသူမှာ အမှတ် (၉၆၆) စစ်မြေပြင်အင်ဂျင်နီယာ ဆောက်လုပ်ရေးတပ်ခွဲမှ အရာခံဗိုလ် အောင်မျိုးလင်း ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
လက်ရှိတွင် သေဆုံးသူ အရာခံဗိုလ် အောင်မျိုးလင်း၏ ရုပ်အလောင်းကို နမ့်စန်မြို့ရှိ အမှတ် (၈) တပ်မတော်စစ်ဆေးရုံ (ကုတင် ၁၀၀) သို့ ပို့ဆောင်ထားပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ နမ့်စန်မြို့မရဲစခန်းက သေမှုသေခင်း အမှုဖွင့်လှစ်ကာ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#ရှမ်းမြောက် #နမ့်စန် #စစ်တပ် #အရာခံဗိုလ်ကိုရဲကသေနတ်ဖြင့်ပစ် #အမှတ်၉၆၆ #စစ်မြေပြင်အင်ဂျင်နီယာ ဆောက်လုပ်ရေးတပ်