ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်
ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးသည့် လုပ်ငန်းစဉ်များကို ပိုမိုမြန်ဆန်စေမည့် နည်းဥပဒေသစ်များကို ထိုင်းဝန်ကြီးချုပ်အနုထင်က လက်မှတ်ရေးထိုးအတည်ပြုပေးခဲ့ပြီး ယနေ့ ဩဂုတ် ၂၈ ရက်နေ့မှစတင်ကာ အာဏာသက်ဝင်မည် ဖြစ်ကြောင်း သိရသည်။
နည်းဥပဒေသစ်အရ ၎င်းတို့သတ်မှတ်ထားသည့်အချက်အလက်များနှင့် ငြိစွန်းသူများ၊ ပြစ်မှုကျူးလွန် သူများကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ပြည်နှင်ဒဏ်ပေးရန် အမိန့်ထုတ်ပြန်နိုင်မည်ဖြစ် ကြောင်းလည်းသိရသည်။
အဆိုပါ နည်းဥပဒေသစ်တွင် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခြင်း၊ တရားမဝင်နေထိုင်ခြင်း၊ တရားမဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ တရားမဝင်အလုပ်လုပ်ကိုင်ခြင်း၊ တရားဝင်စာရွက် စာတမ်းများကို အတုပြုလုပ်ကာအသုံးပြုခြင်း၊ ထောင်ဒဏ် ၅ နှစ်နှင့်အထက် ပြစ်ဒဏ်ကျခံရနိုင်သည့် ပြစ်မှုများကို ကျူးလွန်ခြင်း တို့ပါဝင်ကြောင်း သိရသည်။

ထို့ပြင် တရားရုံး၏ဆုံးဖြတ်ချက်ဖြင့် ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသားများကိုလည်း ၎င်းတို့၏ ပြစ်ဒဏ်ကျခံရပြီးပါက ချက်ခြင်းပြည်နှင်ဒဏ်ပေးနိုင်မည်ဖြစ်ပြီး အကျဉ်းထောင်အာဏာပိုင်များက ပြည်ထဲရေးဝန်ကြီး ဌာနသို့ ပြစ်ဒဏ်ရက်မစေ့မီ အနည်းဆုံး ၁၅ ရက်ကြိုတင်၍ သတင်းပို့ရမည် ဖြစ်ကြောင်း သိရသည်။
ပြည်နှင်ဒဏ်ပေးမည့် နည်းဥပဒေများကို ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက လူ့အခွင့်အရေး၊ ထိုင်း ဥပဒေများနှင့် ထိုင်းနိုင်ငံ၏ နိုင်ငံတကာသဘောတူညီချက်များကိုပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
ပြည်နှင်ဒဏ်ပေးခံရသူများကို ၎င်းတို့၏မိခင်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်သော်လည်း ညှဉ်းပန်းနှိပ်စက်ခံရနိုင်ခြေ၊ လူသားချင်းစာနာမှုမရှိစွာပြုမူခံရနိုင်ခြေ စသည်ဖြင့် စိုးရိမ်ရသူများကိုမူ ၎င်းတို့ကို လက်ခံမည့် တတိယနိုင်ငံ၏ တာဝန်ခံကုန်ကျစရိတ်များဖြင့် အဆိုပါနိုင်ငံများသို့ လွှဲပြောင်း ပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား – Khaosod English