‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၂၈ ရက်

မန္တလေးမှနေ၍ ‎ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်း ဗန်းမော်မြို့သို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်၏ စစ်သင်္ဘောအပါအဝင် ရေယာဉ်အုပ်စုသည် ခရီးစဉ်အတွင်း တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုများကို ခံခဲ့ရပြီးနောက် ယနေ့ သြဂုတ် ၂၈ ရက် နံနက်ပိုင်းတွင် ရွှေကူမြို့ ဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း သိရသည်။

‎ယနေ့ ဩဂုတ် ၂၈ရက်နေ့တွင် ရွှေကူမြို့သို့ ရောက်ရှိလာသည့် စစ်သင်္ဘောအုပ်စုကို တော်လှန်ရေး တပ်များက လမ်းပိုင်းတွင် ကြားဖြတ်တိုက်ခိုက်ရာ ရေယာဉ် လေးစင်းမှာ စက်ခေါင်းပိုင်းများ ပျက်စီးသွားခဲ့ပြီး ရွေးတုအစိုးရ စစ်တပ်၏ ကြည်း၊ ရေ၊ လေမှ အပြင်းအထန်ခုခံနေကြောင်း သိရသည်။

‎”ည သန်းခေါင်မှာ ကသာကအထွက်ပစ်ခံရတဲ့ သင်္ဘောကို ပြန်ဆင်းဆွဲပြီး ရွှေကူကို ကပ်လာကြတယ်။ ဆက်တက်ဖို့ပြင်နေတာ‌ေတွ့ရတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎အဆိုပါ စစ်ရေယာဉ်အုပ်စုသည် ပြီးခဲ့သည့် သြဂုတ် ၂၁ ရက် နံနက်ပိုင်းက မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ရေယာဉ်အုပ်စုတွင် တိုက်ခိုက်ရေးသင်္ဘော နှစ် စင်း၊ ကမ်းထိုးသင်္ဘော လေးစင်း နှင့် တွဲတွန်းသင်္ဘော ရှစ်စင်း အပါအဝင် စုစုပေါင်း ရေယာဉ် ၁၅ စင်းခန့် ပါဝင်ခဲ့သည်။

‎ထို့နောက် ဧရာဝတီမြစ်ကြောင်းအတိုင်း စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်နှင့် ကသာမြို့များကို ဖြတ်သန်းခဲ့ပြီး သြဂုတ် ၂၅ ရက်တွင် ကသာမြို့သို့ ရောက်ရှိခဲ့ပြီးနောက် သြဂုတ် ၂၆ ရက်နေ့အထိ ကသာမြို့တွင် ခေတ္တရပ်နားခဲ့သည်။

‎ကသာမြို့တွင် ရပ်နားစဉ်က သင်္ဘောများပေါ် တွင် ပါလာသည့် လက်နက်၊ ခဲယမ်းအချို့ကို ကသာမြို့ရှိ သက်ဆိုင်ရာ စစ်တပ် တပ်ရင်းများထံ ကားများဖြင့် သယ်ယူ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

‎ကသာမြို့မှ ထွက်ခွာလာပြီးနောက် ကသာနှင့် ဘိုကုန်းအကြား၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့သဖြင့် ရေယာဉ် သုံး စင်း ထိခိုက်ပျက်စီးခဲ့ကာ စက်ခေါင်းပိုင်းများ ပျက်စီးခဲ့ရသည်။

‎ထို့အပြင် ကျန်ရှိနေသည့် ရေယာဉ် ရှစ် စင်း ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက လမ်းခရီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်စင်းမှာ ခေါင်းပိုင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မန္တလေးမှ ရွှေကူအထိ ခရီးစဉ်အတွင်း စစ်တပ်၏ ရေယာဉ် စုစုပေါင်း လေးစင်း ထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

‎ရေယာဉ်အုပ်စု တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စစ်တပ်ဘက်က Y-12 လေယာဉ် ခုနစ် စင်း၊ ဂျက်ဖိုက်တာ ၁၄ စင်းဖြင့် ကျေးရွာများအတွင်းသို့ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

‎စစ်တပ်၏ ရှေ့ပြေးရေယာဉ် နှင့် စစ်သင်္ဘောများသည် သြဂုတ် ၂၈ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်ကျော်ခန့်တွင် ရွှေကူဆိပ်ကမ်းသို့ ဖြည်းဖြည်းချင်း ဆက်လက်ရောက်ရှိလာခဲ့ပြီး ဆက်လက် ဆန်တက် ရန် ပြင်ဆင်နေကြောင်း သိရသည်။

ပုံစာ-ဧရာ၀တီမြစ်အတွင်းရှိ စစ်တပ် စစ်ရေယာဉ်များ။