ဧရာဝတီတိုင်းမ်
သြဂုတ် ၂၈ ရက်

 

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဘောဂဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာယဉ်မျိုးဦးသည် ကျောင်းသားများထံမှ ငွေကြေး မတရားကောက်ခံခြင်း၊ စာမေးပွဲမေးခွန်းများ ထုတ်ရောင်းခြင်းနှင့် (ဘွဲ့ယူကျမ်း)Thesis ကိုယ်စားရေးသားပေးခြင်း အပါအဝင် လဘ်ပေးလဘဘ်ယူမှုများ ကျူးလွန်နေကြောင်း အဆိုပါဌာနမှ ကျောင်းသားများထံက သိရသည်။

 

ဒေါက်တာယဉ်မျိုးဦးသည် MDeS Program Director တာဝန်ယူစဉ်ကတည်းက သတ်မှတ်နှုန်းထက် ပိုမိုကာ ကျောင်းသားခေါင်းဆောင်များကို ဖိအားပေး၍ ငွေကြေးကောက်ခံခဲ့သလို Thesis Title Defense နှင့် Final Thesis Defense များတွင်လည်း ဆရာ/ဆရာမများအား ကန်တော့ရန်ဟုဆိုကာ ငွေကြေးနှုန်းထားများ သတ်မှတ်၍ အတင်းအဓမ္မ ကောက်ခံခဲ့ကြောင်း ကျောင်းသူများကဆိုသည်။

 

“မတရား အနိုင်ကျင့် ငွေကောက်တာတွေရော၊ မေးခွန်းရောင်းတာတွေပါ သက်သေနဲ့တကွ တိုင်ထားတာပါ။ ဒါပေမဲ့ သူ့ရဲ့ ခင်ပွန်းက DSA ဆင်း အရာရှိဖြစ်နေတော့ အချင်းချင်း ဖုံးဖိပေးထားပြီး ခုထိ ဘာမှ အရေးယူမဆောက်ရွက်ပေးပါဘူး” ဟု ဘောဂဗေဒဌာနမှ ကျောင်းသူတစ်ဦးက ဧရာဝတီတိုင်းမ်းကိုပြောသည်။

ထို့အပြင် ၎င်းတာဝန်ယူရသည့် မေးခွန်းများကို အပြင်ကျူရှင်များသို့ ငွေကြေးဖြင့် ပြန်လည်ရောင်းစားခြင်း၊ ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ Thesis များကို အခကြေးငွေယူကာ ကိုယ်စားရေးသားပေးခြင်း၊ ဌာနတွင်း ပြုပြင်ပြောင်းလဲရေး အကြောင်းပြချက်ဖြင့် လုပ်ငန်းရှင်များနှင့် ကျောင်းသားများထံမှ ငွေကြေးကောက်ခံခြင်းများကိုလည်း မကြာခဏ လုပ်ဆောင်နေကြောင်း အဆိုပါဌာနမှ ကျောင်းသား/သူများကဆိုသည်။

 

Master Program များ၏ Final Thesis Defense တွင်လည်း သတ်မှတ်ထားသည့် Board of Examiner ငါး ဦးအစား ခုနှစ် ဦးအထိ တိုးမြှင့်ခဲ့သဖြင့် ကျောင်းသားများအတွက် ကုန်ကျစရိတ် ပိုများခဲ့ရကြောင်း သိရသည်။

 

အဆိုပါ ဌာနမှူး လဘ်စာမှုများနှင့် ပတ်သက်၍ ရွေးတုအစိုးရတပ်ထံ စာပို့ တိုင်ကြားထားသော်လည်း ၎င်း၏ ခင်ပွန်းဖြစ်သူမှာ စစ်တက္ကသိုလ် DSA ဆင်း စစ်အရာရှိတစ်ဦး ဖြစ်နေသည့်အတွက် လက်ရှိအချိန်အထိ အရေးယူဆောင်ရွက်မှု မရှိကြောင်း ကျောင်းသား/သူများက ပြောသည်။

 

ဓာတ်ပုံ-ပေးပို့
ပုံစာ-ပါမောက္ခဌာနမှူး ဒေါက်တာယဉ်မျိုးဦး