ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်

 

စစ်တပ်သည် အာရက္ခတပ်တော်(AA) ကို ရင်ဆိုင်ရန်အတွက် တိုက်ခိုက်ရေးတပ်မကြီး ၁၀ ခုနှင့်အတူ မြေပြင်ခြေလျင်ခြေမြန်တပ်ရင်း စုစုပေါင်း ၁၁၃ ရင်းအထိ အသုံးပြုကာ အစွမ်းကုန် ထိုးစစ်ဆင်နေသည်။

 

စစ်တပ်၏ တပ်ဖွဲ့များ တပ်ဖြန့်ထားရှိမှုအရ မြစ်ဝကျွန်းပေါ်ဒေသတွင် တပ်မ (၆၆)၊ ညောင်ကျိုးနယ်မြေတွင် စကခ (၂၀)၊ မင်းတုန်းနယ်မြေတွင် တပ်မ (၅၅)၊ နတ်ရေကန်နယ်မြေတွင် စကခ (၁၀) နှင့် စကခ (၁၇)၊ ပလက်ဝဝင်ပေါက်ဖြစ်သည့် မင်းတပ်နှင့် ကန်ပက် လက်နယ်မြေတွင် တပ်မ (၉၉)၊ ကျောက်ဖြူနယ်မြေတွင် တပ်မ (၁၁) တို့ကို ဖြန့်ကျက်ထားသည်။

 

ထို့အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နယ်မြေအတွင်း စကခ (၅)၊ စကခ (၉)၊ စကခ (၁၅) တို့အပြင် သီးသန့်ခြေလျင်ခြေမြန်တပ်ရင်း ၁၃ ရင်းတို့ပါ အခြေစိုက်လှုပ်ရှားလျက် ရှိကြောင်းသိရသည်။

တပ်မကြီးတစ်ခုစီတွင် လက်အောက်ခံတပ်ရင်း ၁၀ ရင်းစီ ပါဝင်သည့်အတွက် စစ်တပ်သည် ခြေလျင်ခြေမြန်တပ်ရင်း ၁၁၃ ရင်းဖြင့် မြေပြင်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ ယင်းသည် စစ်တပ်၏ စုစုပေါင်း ခြေလျင်ခြေမြန်တပ်ရင်း ၅၅၂ ရင်းအနက် ငါး ပုံ တစ် ပုံခန့် (တပ်အင်အား၏ ၂၀ ရာခိုင်နှုန်း) ကို AA နှင့် ရင်ဆိုင်ရန် အသုံးပြုထားရခြင်းဖြစ်ပြီး မြေပြင်အပြင် ရေတပ်နှင့် လေတပ်ပါ ပေါင်းစပ်၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

 

စစ်တပ်သည် စစ်ရေးနည်းလမ်းတစ်ခုတည်းဖြင့် AA ကို အနိုင်ရနိုင်သည့် စွမ်းရည်မရှိတော့သည်မှာ ထင်ရှားနေပြီး၊ ယင်းသို့ စစ်ရေးအရ အကျပ်ရိုက်မှုများကြောင့် စစ်ဗိုလ်ချုပ်များသည် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများအပေါ် လေကြောင်းမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက်မှုများကို နေ့စဉ်ဆက်တိုက် ကျူးလွန်လျက်ရှိသည်။

 

မြေပြင်တပ်အင်အား အမြောက်အမြား အသုံးပြုထားသော်လည်း AA ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့သဖြင့် ရေတပ်နှင့် လေတပ်အကူများကိုပါ အလွန်အကျွံ အားကိုးနေရပြီး စစ်ရေးအရ အနိုင်မရသည့်အခါ စစ်တပ်သည် ရခိုင်ဒေသရှိ အရပ်သားပြည်သူများနှင့် ကျေးရွာများအပေါ် လေကြောင်းမှတစ်ဆင့် အကြမ်းဖက်တိုက် ခိုက်မှုများကို ပိုမိုပြုလုပ်လာနေသည်ကို တွေ့ရသည်။