
ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဧရာဝတီ၊ ဇွန်လ ၃၀ ရက်
စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်း ဆိုင်ကယ်ပျောက်ဆုံးမှုများ နေ့စဥ်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အောက်တိုဘာလဆန်းပိုင်းကစတင်ကာ ဧရာဝတီတိုင်းအတွင်းရှိ မြို့ကြီးများဖြစ်ကြသည့် ပုသိမ်၊မအူပင်၊ဖျာပုံနှင့် ဘိုကလေး၊အိမ်မဲ၊ကျောင်းကုန်း၊ရေကြည် မြို့များတွင် ဆိုင်ကယ်ခိုးယူခံရမှုများ နေ့စဥ်ဖြစ်ပွားနေပြီး ဇွန်လအတွင်းမှာ ဆိုင်ကယ်သူခိုးများဟာ ပိုမိုရဲတင်းလာတယ်လို့ ဒေသခံများထံက သိရပါတယ်။
“အခုရက်ပိုင်း သူခိုးတွေအတင်ရဲလာကြတယ်။ မနေ့ကည ရှစ်နာရီခွဲကျော်ကျော်လောက်ကလဲ ကျောင်းကုန်းဆေးရုံရှေ့မှာ ရပ်ထားတဲ့ဆိုင်ကယ် honda 100 (18) ဒိတ် ခဲရောင် အခိုးခံလိုက်ရတယ်လို့သိရတယ်။ နယ်ဘက်တွေလဲ လစ်ရင်လစ်သလို ခိုးနေကြတယ်။ ဆိုင်ကယ်သူခိုးတွေကလည်း စောင့်ကြည့်နေပုံရတယ်။ ဒါကြောင့်ဘယ်သူဖြစ်ဖြစ်ဆိုင်ကယ်ကိုနေရာတိုင်းမရပ်ထားသင့်ဘူး” လို့ ကျောင်းကုန်းမြို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ထို့ပြင် ပုသိမ်မြို့တွင်လည်း နေ့စဥ်ဆိုင်ကယ်တွေပျောက်ဆုံးနေပြီး တစ်နေ့ကို ၃စီး၊၄စီးထက်ပိုနိုင်သလို ပျောက်ဆုံးမှုတွေကို ရဲစခန်းတွင် သွားရောက် တိုင်ကြားခဲ့ပေမယ့် ယနေ့အချိန်ထိ အမှုမှန်ပေါ်အောင် မဖော်ထုတ်နိုင်ဘူး လို့ ပုသိမ်မြို့ဒေသခံတွေက ဆိုပါတယ်။
ဆိုင်ကယ်သူခိုးများဟာ အဖိုးတန် ယိုးဒယားဘီးများကိုသာ အဓိကပစ်မှတ်ထား ခိုးယူနေခြင်းဖြစ်ပြီး အဖိုးတန်ဆိုင်ကယ်များ စီးသူ လူအသက်အန္တရာယ်တွေပါ စိုးရိမ်လာရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဆိုင်ကယ် ခိုးယူခံရမှုများမှာ ယခင်ကလည်း ဖြစ်ပွားလေ့ ရှိနေပေမယ့် စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ပိုမိုအဖြစ်များလာပြီး ယခုနောက်ပိုင်းတွင် နေ့စဥ်နီးပါး ခိုးယူသည်အထိ ဆိုင်ကယ်သူခိုးများ ပိုမိုဆိုးရွားလာနေတာကို တွေ့လာရတယ်လို့ ဒေသခံတွေက ပြောဆိုနေပါတယ်။