ဧရာဝတီတိုင်းမ်
(ကလေး)၊ သြဂုတ် ၂၇ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အာဏာသိမ်း ရွေးတုအစိုးရ စစ်တပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည့် ချင်းလူငယ်တစ်ဦး စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသွားသည့် ချင်းလူငယ်မှာ တီးတိန်မြို့နယ် ဒေသခံ ပါဒိုဆန်းမန် (Pa Do Sian Mang) အသက် (၂၄) နှစ်ဖြစ်ပြီး ကလေးမြို့တွင် နေထိုင်ကာ အငှားယာဉ် မောင်းလုပ်ကိုင်သူ ဖြစ်ကြောင်း သိရသည်။
ပါဒိုဆန်းမန်းသည် ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက်က အငှားယာဉ်ဖြင့် ကုန်ပစ္စည်း ပို့ဆောင်ရန် ထွက်ခွာ လာစဉ် ရွေးတုအစိုးရ စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။
“ပစ္စည်းသွားပို့ရင်း လမ်းအထွက်မှာ အဖမ်းခံရတာပါ။ အဖမ်းခံရတုန်းက သူတစ်ယောက်တည်း မဟုတ်ဘူး၊ သူ့သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ အဖမ်းခံရတာ” ဟု ကလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ဖမ်းဆီးခံရသူများအနက် အချို့ ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း ပါဒိုဆန်းမန်ကိုမူ ပြန်လွှတ်ပေခြင်းမရှိဘဲ စစ်ကြောရေးသို့ ပို့ဆောင်ကာ ရိုက်နှက်စစ်ဆေးခဲ့သဖြင့် ရရှိသည့် ဒဏ်ရာများ ကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။
“မိသားစုဝင်တွေဆီ အကြောင်းကြားလာတာကတော့ နှလုံးရပ်ပြီး ဆုံးတာလို့ ပြောတယ်။ အလောင်းကို လည်း ရောဂါရှာဖွေ စစ်ဆေးမယ်ဆိုပြီး ခွဲစိတ်သွားတယ်။ ရုပ်အလောင်းမှာတော့ ရိုက်နှက် နှိပ်စက်ခံ ထားရတဲ့ ဒဏ်ရာတွေ အများကြီး တွေ့ရတယ်” ဟု အဆိုပါ ကလေးမြို့ခံက ဆက်လက် ပြောဆိုသည်။
ပါဒိုဆန်းမန်၏ ရုပ်အလောင်းကို ယနေ့ ဩဂုတ် ၂၇ ရက် နံနက် ၁၀ နာရီတွင် မိသားစုဝင်များ၊ ဆွေမျိုး များနှင့် ဒေသခံများက သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
ပုံစာ-စစ်တပ်က ဖမ်းဆီးခေါ်ဆောင်၍ စစ်ကြောရေးတွင် နှိပ်စက်ခံရသူ ချင်းလူငယ် ပါဒိုဆန်းမန်။