ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်
ပဲခူးတိုင်းအတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက်အထူးအစီရေးဆွဲနေပြီး တရားမဝင်ကုန်ပစ္စည်းသယ်ဆောင်သူများက စစ်ဆေးရေးဂိတ်များကိုရှောင်ကွင်းမသွားစေရန်ကြပ်မတ်မည်ဖြစ်ကြောင်း ပဲခူးတိုင်းရွေးတုအစိုးရထံမှ သိရသည်။
ပဲခူးတိုင်း၊ ဝေါမြို့နယ် ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးဂိတ်၊ ပို့ကုန်စစ်ဆေးရေးဂိတ်နှင့် သွင်းကုန်စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များကို X Ray နှင့် Mobile X ray ဖြင့် နေ့စဉ်စစ်ဆေးနေခြင်းဖြစ်သည်။

တရားမဝင်ကုန်ပစ္စည်းသယ်ဆောင်သူများသည် အမြဲတမ်းစစ်ဆေးရေးစခန်းများကို ရှောင်ကွင်း၍ မည်သည့်နည်းလမ်းဖြင့်မျှမသွားစေနိုင်ရန် အထူးအစီအစဉ်များရေးနေကြောင်း ရွေးတုအစိုးရပဲခူးတိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက ပြောသည်။
ထို့ပြင် နယ်စပ်အသီးသီးမှ တရားမဝင်ကုန်သွယ်မှု၊ ဝင်/ ထွက်ဂိတ်များ၊သိုလှောင်ရုံများ၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများနှင့် မြို့ကြီးများရှိ ဖြန့်ဖြူးမှုများကိုသတင်းလက်ဦးယူကာရှာ ဖွေဖော်ထုတ်မည်ဟုလည်း ပြောဆိုထားသည်။
ရွေးတုအစိုးရပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင်လည်း ကုန်စည်စီးဆင်းမှုမြန်ဆန်စေရန် စစ်ဆေးရေးဂိတ်များလျှော့ချသွားရန်နှင့် နိုင်ငံအခွန်မရသောတရားမဝင်ကုန်သွယ်မှုမရှိစေရန် ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင်က ပြောကြားထားသည်။

“ဒီရက်ပိုင်းရန်ကုန်ကို တရုတ်ပစ္စည်းအဝင်မရှိဘဲဖြစ်နေမယ်။ ပြင်ဦးလွင်မြို့အဝင်က ဝက်ဝံစစ်ဆေးရေးဂိတ်မှာ တရုတ်ပစ္စည်းတွေအကုန်ချထားရတယ်။ X ray နဲ့မစစ်တာလည်းကြာပြီ အခုစစ်နေတယ်။ ခရီးသည်တင်ကားမှာပါတဲ့ တရုတ်ကုန်တွေ အကုန်ဝက်ဝံဂိတ်မှာ ပစ္စည်းတွေပုံနေတာပဲ။ ဖမ်းထားတာ။ အရင်ကားနောက်ဖုံးကနေတင်လို့ရတယ် ” ဟု မန္တလေး – လားရှိုးခရီးသည်တင်ကားမောင်းတစ်ဦးက ဆိုသည်။
ရွေးတုအစိုးရသည် ယခုနှစ်ပိုင်းအတွင်း ကုန်တင်သွင်းခွင့်လိုင်စင်များပိုမိုထိန်းချုပ်လျှက်ရှိပြီး တရားမဝင်ကုန်ပစ္စည်းများကိုတင်းကြပ်ဖမ်းဆီးလျက်ရှိကြောင်း ကုန်သွယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ထိုင်းကုန်စည်များကို မရမ်းချောင်စစ်ဆေးရေးဂိတ်နှင့် ညောင်ခါးရှည်ဂိတ်၊ တရုတ်ကုန်စည်များကို ဝက်ဝံဂိတ်တွင် အဓိကစစ်ဆေးနေခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် မြိတ်မှ ရန်ကုန်သို့ ရေလမ်းမှ ရောက်ရှိလာသော ကုန်များကို ဆိပ်ကမ်းများတွင်စစ်ဆေးပြီး အထောက်အထားမပါလျှင် တရားမဝင်ကုန်အဖြစ်ဖမ်းဆီးသိမ်းဆည်းနေကြာင်းသိရသည်။
ဓာတ်ပုံ – MOI