ဧရာဝတီတိုင်းမ်
(သရက်ချောင်း)၊ ဩဂုတ် ၂၇ ရက်
တနင်္သာရီတိုင်း၊ ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်မှုနယ်မြေ၊ သရက်ချောင်း(ကစယ်ဒို)မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့်စစ်တပ်က လူ့အခွင့်ရေးချိုးဖောက်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့သည့်ဩဂုတ် ၁၀ရက်မှ ၂၀ ရက်နေ့အတွင်း နေအိမ်မီးရှို့မှုများနှင့် ဒေသခံဖမ်းဆီးမှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွေးတုအစိုးရလက်အောက်ခံစစ်ကြောင်းမှာ တောင်ဇင်းကျေးရွာအုပ်စုအတွင်းရှိ ရှင်မုတ္ထီး၊ ရောင်းမော်ရွာမှတစ်ဆင့် ဆေးဖြတ်ကုန်း၊ ကင်းရှေ့၊ မိုးရွှေကုန်း၊ စော်ဖျား၊ ကျောက်လှေကား၊ ကထီးဝ၊ ထီးဖဒို(ပဒတ်ချောင်း)၊ လော်မူဖ(လောင်းမင်းဘ) ရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

“သရက်ချောင်း လောင်းလုံ မြိတ် တနင်္သာရီဘက်ပါနေရာတိုင်းလိုလို စစ်ကြောင်းထိုးနေတာ။ ရေနက်ဆိပ်ကမ်းကို သယ်ယူပို့ဆောင်ရေးလုပ်မယ့် လမ်းကြောင်းက နယ်စပ်လမ်းကြောင်းကို သရက်ချောင်းဘက်ကနေဖောက်တယ်။ လနဲ့ချီဖြစ်သွားပြီစစ်ကြောင်းထိုးတာက။ ရေနက်ဆိပ်ကမ်းလုပ်ငန်းအကောင်ထည်ဖော်ဖို့လဲပါသလို ပြည်ထောင်စုလမ်းမကြီးကို တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးထားတဲ့အတွက် ပြန်ပြီးတော့ထိန်းချုပ်မှုရအောင်လုပ်တဲ့ သဘောလည်းပါတယ်” ဟု ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်က ၎င်းတို့စစ်ကြောင်းထိုးနေစဉ်အတွင်း ထီးဖဒိုကျေးရွာအတွင်းရှိ ပြည်သူပိုင် ခြောက်ဘီးကျောက်တင်ကားတစ်စီး၊ လေးဘီးကား တစ်စီး၊ ထော်လာဂျီ နှစ်စီး၊ ဆိုင်ကယ် ၃၀ စီးအား ယူဆောင်သွားပြီး ကထီးဝ နှင့် ကျောက်လှေကားကျေးရွာအတွင်းရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ကထီးဝကျေးရွာမှ ဒေသခံ ၁၀ ဦးအားလည်း လူသားဒိုင်းဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လမ်းပြအဖြစ်စေခိုင်းခြင်း၊ ထမင်းချက်ခိုင်းခြင်းတို့အပြင် ရိုက်နှက်နှိပ်စက်ညှင်းပန်းမှုများကိုပါ ပြုလုပ်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်တပ်သည် အာဆီယံဘုံသဘောတူညီချက် ငါး ချက်ကို လိုက်နာခြင်းမရှိသည့်အပြင် နိုင်ငံတစ်၀န်းရှိအရပ်သားများအပေါ် လေယာဉ်များ၊ ဒရုန်းများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့်စစ်ရာဇ၀တ်မှုများကို နေ့စဉ်ကျူးလွန်လျှက်ရှိကြောင်းလည်း KNU ကထုတ်ပြန်ထားသည်။
ဓာတ်ပုံ – KNU