ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ရက်
ကချင်ပြည်နယ်အတွင်း နေရာငါးနေရာခန့်တွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး စစ်တပ်ဘက်မှ အထိနာကာ ထိခိုက်ကျဆုံးမှုများပြားနေချိန်တွင် ဟန်ပြကြိုဆိုပွဲများပြုလုပ်၍ ဝါဒဖြန့်ခြင်းနှင့် တပ်အင်အား ပြန်လည်ဖြည့်တင်းရန် ပြင်ဆင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်တပ်လက်အောက်ခံ သတင်းမီဒီယာများတွင် “ရှေ့တန်းပြန် နိုင်ငံသားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို” ဟူသော ခေါင်းစဉ်ဖြင့် မြစ်ကြီးနားနှင့် တနိုင်းမြို့နယ်ရှိ နယ်မြေခံတပ်ရင်းများ၌ ကြိုဆိုပွဲများ ကျင်းပခဲ့ကြောင်း ယမန်နေ့ ဩဂုတ် ၂၆ရက်စွဲဖြင့် ဖော်ပြထားသည်။
”အောင်ပွဲရ ရှေ့တန်းပြန်လို့ပြောရအောင်လည်း ဘယ်တိုက်ပွဲမှ စစ်တပ်က အသာစီးရသွားတယ်မရှိပါဘူး။ ဝိုင်းမော်တပ်ကိုပြန်ခေါ် ရွှေကူပို့၊ ရွှေကူကတပ်ကိုပြန်ခေါ် ဝိုင်းမော်ကိုပို့ အဲဒီလိုတွေ မျက်လှည့်ပြခံရတာပေါ့” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
သို့သော်လည်း အဆိုပါ ကြိုဆိုပွဲပြုလုပ်ခြင်းသည် စစ်မြေပြင်တွင် စိတ်ဓာတ်ကျဆင်းပြီး အထိနာနေသော စစ်တပ်ကို အားသစ်လောင်းရန်၊ သတင်းအမှောင်ဖုံး ဝါဒဖြန့်ရန်နှင့် ရှေ့တန်းသို့ ပြန်လည်စေလွှတ်ရန် စီစဉ်ခြင်းသာဖြစ်ကြောင်း စစ်ရေး လေ့လာနေသူများထံမှ သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၂၅ ရက် နံနက်အစောပိုင်းကလည်း တနိုင်းမြို့နယ်၊ လီဒိုလမ်းမကြီးပေါ်ရှိ နောင်မီကျေးရွာနှင့် ကြက်ဥတောင် ပတ်ဝန်းကျင်တွင် အရပ်ဘက်ယာဉ်များအသွင်ဖြင့် လာသည့် စစ်တပ်၏ အင်အားဖြည့် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။
မိုင်းဆွဲခံရမှုကြောင့် စစ်တပ်ယာဉ် သုံး စီးထက်မနည်း ပေါက်ကွဲမီးလောင်ခဲ့သည်။ စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ယာဉ်တန်းတွင် ခမရ (၃၁၈) တပ်ရင်းမှူး ကိုယ်တိုင် လိုက်ပါလာကြောင်း သိရသည်။
လက်ရှိတွင် ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေပြီး စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှု များပြားနေသည့်အတွက် အင်အားဖြည့်တင်းရေး စေလွှတ်မှုများကို ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။