ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ သြဂုတ် ၂၇ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အထက်ပိုင်းရှိ မီးဇာကျေးရွာကို ရွေးတုအစိုးရတပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား သားအမိနှစ်ဦး သေဆုံးပြီး ‌‌‌ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရွေးတုအစိုးရတပ်သည် ယမန်နေ့ သြဂုတ်လ ၂၆ ရက်နေ့၊ ညနေ ၄ နာရီ ၂၀ မိနစ် ဝန်းကျင်တွင် ဂျက်ဖိုက်တာ ငါးစီးဖြင့် ဗုံးသီး ၅၀ နီးပါး အသုံးပြုကာ မီးဇာကျေးရွာနှင့် အနီးအနားဝန်းကျင်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ရွာထဲမှာ နှစ်စီးလောက်ကြဲပြီး ရွာအနီးအနားမှာ သုံး စီး ဗုံးကြဲသွားတာပါ။ တပြိုင်နက် လေယာဥ် ငါးစီးနဲ့ ကြဲသွားတာပါ။ ဗုံးအလုံးရေတော့ အတိအကျပြောဖို့ခက်ပေမဲ့ အားလုံးပေါင်း ၅၀ လောက်ရှိမယ်”ဟု ပလက်ဝဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာထဲရှိ နေအိမ်ပေါ် ဗုံးကျပေါက်ကွဲသဖြင့် နေအိမ်ရှိ အရပ်သား သားအမိနှစ်ဦး သေဆုံးပြီး ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်အများအပြား ပျက်စီးသွားကြောင်း သိရသည်။

“ရွာထဲက နေအိမ်တည့်တည့်ပေါ် ဗုံးသီးတစ်လုံးကျတယ်။ အိမ်ထဲမှာရှိနေတဲ့ သားအမိနှစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ တခြားသူတွေလည်း ဒဏ်ရာရတယ်။ ရွာထဲက ဗုံးစထိမှန်လို့ နေအိမ်တွေ ပျက်စီးဆုံးရှုံးတာတွေ လည်းရှိတယ်”ဟု ပလက်ဝဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို လုံခြုံသည့်နေရာ ပြောင်းရွှေ့၍ ဆေးကုသပေးနေရပြီး ကျေးရွာရှိ ဒေသခံပြည်သူအများစုသည် နောက်ထပ် ဗုံးကြဲခံရမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရသည်။

ရွေးတုအစိုးရတပ်သည် ဩဂုတ်လ ၂၅ ရက်နေ့ကလည်း အိန္ဒိယ-မြန်မာနယ်စပ် ရွှေလိုက်ဝကျေးရွာရှိ မရာလဲန်းကာကွယ်ရေးတပ်(MDF) ၏ စစ်သင်တန်းကျောင်းကို ဗုံးကြဲတိုက်ခိုက်သဖြင့် သင်တန်းသား ငါး ဦး ကျဆုံးခဲ့သည်။