နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်
အာဏာသိမ်း ရွေးတုအစိုးရ၏ နျူကလီးယား ပိုင်လိုမှုနှင့် စွမ်းအင် လိုအပ်ချက်ကို အသုံးချ၍ ရုရှားနိုင်ငံတွင်ပင် စီးပွားဖြစ် မအောင်မြင်သေးသည့် အသေးစား နျူကလီးယား ဓာတ်ပေါင်းဖို (SMR) ကို နည်းပညာ စမ်းသပ်ကွင်းအဖြစ် ပဲခူးတိုင်းအတွင်း လာမည့် ၂၀၂၇ ခုနှစ်မှ စတင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို တန်ပြန်နိုင်ရေးအပါအဝင် ရွေးတုအစိုးရနှင့် စစ်ဘက်ပူးပေါင်း မှုများ တိုးမြှင့်လာသည့် ရုရှားနိုင်ငံသည် အဆိုပါစီမံကိန်းအတွက် ယခုနှစ်ကုန်တွင် ကနဦး အင်ဂျင်နီယာ စစ်တမ်းများ စာချုပ်ချုပ်ဆိုရန် ရှိကြောင်း ရုရှား နျူကလီးယားကော်ပိုရေးရှင်း (Rosatom) ထုတ် Strana Rosatom စာစောင်တွင် ဖော်ပြထားသည်။
နှစ်ဖက် သဘောတူညီချက်များ လက်မှတ်ရေးထိုး ရရှိထားပြီးဖြစ်၍ လုပ်ငန်းခွင်သို့ ဝင်ရောက်ရန် ဆောက်လုပ်ရေး အခြေခံစတင်ခြင်းဖြစ်ကြောင်း Rosatom ညွှန်ကြားရေးမှူးချုပ် အလက်ဇီ လီခါချော့ဗ် (Alexei Likhachev) က ပြောဆိုထားပြီး စစ်ခေါင်းဆောင် ရုရှားသို့ သွားရောက်ပြီးနောက် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

၅၅ မဂ္ဂါဝပ်ရှိသော ဓာတ်ပေါင်းဖို နှစ် ခုပါဝင်ပြီး စုစုပေါင်း ၁၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် SMR ဓာတ်ပေါင်းဖိုကို မြန်မာနိုင်ငံတွင် တည်ဆောက်ရန် ၂၀၂၅ ခုနှစ် မတ်လအတွင်းက စစ်အုပ်စု၏ ရွေးတုအစိုးရနှင့် ရုရှားနိုင်ငံအကြား သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ ဓာတ်ပေါင်းဖိုအတွက် ရုရှား နျူကလီးယား ရေခဲခွဲသင်္ဘောများ၌ သုံးစွဲနေသည့် RITM-200N နည်းပညာကို အခြေခံထားသော Pressurized Water Reactor (PWR) အမျိုးအစားကို မြေပြင်တွင် အသုံးပြုနိုင်ရန် ပြုပြင်ထုတ်လုပ် သွားမည်ဖြစ်ကာ နောင်တွင် ၃၃၀ မဂ္ဂါဝပ်အထိ တိုးချဲ့ရန် ရည်ရွယ်ထားသည်။
အဆိုပါ ၁၁၀ မဂ္ဂါဝပ်ထွက် ဓာတ်ပေါင်းဖိုသည် နျူကလီးယား စက်ရုံကြီးများကဲ့သို့ နှစ်ပေါင်းများစွာ အချိန်ယူရန်မလိုဘဲ လိုအပ်သည့် အစိတ်အပိုင်းများကို စက်ရုံအတွင်း အချောထည်ထုတ်လုပ်၍ မြေပြင်တွင် လာရောက်တပ်ဆင်မည်ဖြစ်ကာ ရုရှားနိုင်ငံ၏ ပထမဆုံး မြေပြင်အခြေစိုက် နည်းပညာ စမ်းသပ်မှုလည်း ဖြစ်သည်။
လက်ရှိတွင် ရုရှားဘက်က မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ထားပြီး ရွေးတုအစိုးရ၏ သဘောတူညီချက်ဖြင့် ပဲခူးတိုင်းအတွင်း တည်ဆောက်ရန် လျာထားကြောင်း ကမ္ဘာ့နျူကလီးယား သတင်းဌာနများဖြစ်သည့် World Nuclear News နှင့် Nuclear Engineering International တို့၏ ဖော်ပြချက်အရ သိရသည်။
ရွေးတုအစိုးရဘက်ကမူ တည်ဆောက်မည့် နေရာနှင့် မြေပြင် ဆောင်ရွက်နေမှုများကို အတိအလင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ ရုရှား သတင်းများအရ အဆိုပါ RITM-200N နည်းပညာသုံး ဓာတ်ပေါင်းဖို နှစ် ခုအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံမှ ၂ ဒသမ ၅ ဘီလီယံကြား ကုန်ကျနိုင်ကြောင်း သိရသည်။
သို့သော် RITM-200N နည်းပညာသည် ရုရှားနိုင်ငံ၌ပင် စီးပွားဖြစ် မအောင်မြင်သေးဘဲ ပင်လယ် အခြေစိုက် ဓာတ်ပေါင်းဖိုတစ်ခုသာ လည်ပတ်နိုင်သေးသကဲ့သို့ ကုန်းတွင်းအခြေစိုက်အဖြစ် လာမည့် ၂၀၃၁ ခုနှစ်မှသာ စတင်လည်ပတ်ရန် လျာထားခြင်း ဖြစ်သည်။
ထို့ကြောင့် ဥဇဘက်ကစ္စတန်တွင် တည်ဆောက်မည့် စီမံကိန်းကို ၂၀၂၉ ခုနှစ်၌ လျာထားသဖြင့် ပထမဆုံး စတင်မည့် မြန်မာနိုင်ငံသည် ရုရှား၏ နျူကလီးယား နည်းပညာ စမ်းသပ်ကွင်းအဖြစ် အသုံးချခံရမည့် ဘေးအန္တရာယ် ရှိနေကြောင်း အကဲခတ်များက ထောက်ပြကြသည်။
ခေတ်အဆက်ဆက် စစ်အုပ်စု၏ စစ်ဘက်ဆိုင်ရာ နျူကလီးယား ပိုင်လိုမှုအပေါ် အသုံးချ၍ ရုရှားနိုင်ငံက SMR အပြင် ၎င်းတို့ပိုင် စစ်ဘက်၊ အရပ်ဘက်သုံး GLONASS ဂြိုဟ်တုလမ်းညွှန်စနစ် တိုင်းတာရေး စခန်းကိုလည်း မြန်မာနိုင်ငံတွင်ပင် တည်ဆောက်သွားမည် ဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်