ဧရာဝတီတိုင်းမ်
သြဂုတ် ၂၇ ရက်

 

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် Myanmar National League 2 ယှဉ်ပြိုင်နေသည့် Chinland FC အသင်းမှ ကစားသမား အသက် ၂၄ နှစ်အရွယ် ပါလုံ (Pa Lung) သည် ၅ ရက်ကြာသည်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း နီးစပ်သည့် ဆွေမျိုးများထံမှ သိရသည်။

 

ပါလုံ သည် ပြီးခဲ့သည့် ဩဂုတ် ၂၂ ရက်က ရန်ကုန်မြို့ရှိ ဖူဆယ်ဘောလုံးပွဲ ကြည့်ရှုပြီးအပြန် အဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

“မြောက်ဒဂုံ (၄၅) နဲ့ (၃၈) ရပ်ကွက်အကြား ၇/၈ လမ်းဆုံ ပြည်ထောင်စုလမ်းမကြီးမှာ တက္ကစီ ငှားစီးတဲ့အချိန်ထိ အဆက်အသွယ် ရသေးတယ်။ ဒါပေမဲ့ အိမ်ရောက်မလာဘဲ ပျောက်သွားတာပါ” ဟု ပါလုံနှင့် နီးစပ်သူ ဆွေမျိုးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ပါလုံ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဆွေမျိုးများ၊ အသင်းအဖွဲ့များနှင့် ဘာသာရေး အသင်းဝင်များက လိုက်လံ ရှာဖွေစုံစမ်းနေသော်လည်း ယနေ့အထိ အဆက်အသွယ် ရရှိခြင်းမရှိသေးပေ။

“အသိမိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ ဘာသာရေးအသင်းက အသင်းသူ/သားတွေ လိုက်လံစုံစမ်းပေမဲ့ ဒီကနေ့ထိ လုံးဝ သတင်းအစန ပျောက်နေဆဲပါ။ ဒီနေ့နဲ့ဆို ပျောက်သွားတာ ၅ ရက်လောက် ရှိပါပြီ၊ မိသားစုဝင်တွေ အကုန်လုံး စိတ်ပူနေကြပါတယ်” ဟု အဆိုပါ ဆွေမျိုးဖြစ်သူက ဆက်လက်ပြောသည်။

 

Chinland FC အနေဖြင့်လည်း ကစားသမား ပျောက်ဆုံးချိန်မှစ၍ သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့် တိုင်ကြားခြင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ် (MNL) တာဝန်ရှိသူများနှင့် ပူးပေါင်း ရှာဖွေခဲ့သော်လည်း မတွေ့ရှိရသေးသဖြင့် တွေ့ရှိပါက ဝိုင်းဝန်း ကူညီပေးကြပါရန် တောင်းဆိုထားသည်။

 

ပျောက်ဆုံးသွားသူ ပါလုံ သည် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လာလွီးရွာဇာတိဖြစ်ပြီး အဘ ဦးဆာမောင်၏ တတိယမြောက် သားဖြစ်ကြောင်း သိရသည်။

 

ပုံစာ-Chinland FC အသင်း ကစားသမား ပါလုံ၊