ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်

 

စစ်တောင်းမြစ်၊ သံလွင်မြစ်နှင့် သောင်းရင်းမြစ်ရေတို့သည် စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိ နေပြီး လာမည့် ဩဂုတ် ၃၁ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း မိုးဆက်လက် ကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ)၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။

 

မုတ်သုံလေ အားကောင်းမှုနှင့် မိုးတိမ်တောင် ဖြစ်ထွန်းမှုတို့ကြောင့် ယနေ့ ဩဂုတ် ၂၇ ရက် မှစ၍ လကုန်အထိ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလက ဆိုထားသည်။

မြစ်ရေအခြေအနေများနှင့် ပတ်သက်၍ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် ၆ လက်မကျော် ရောက်ရှိနေပြီး လာမည့် ၁ ရက်အတွင်း ၁ ပေခန့် ထပ်မံ မြင့်တက်လာနိုင်ပြီး သောင်းရင်းမြစ်ရေသည်လည်း မြဝတီမြို့တွင် စိုးရိမ်ရေမှတ်အထက် ၂ လက်မကျော် ရောက်ရှိနေကာ လာမည့် ၁ ရက်အတွင်း ၁ ပေ ၆ လက်မခန့် ထပ်မံ မြင့်တက်လာနိုင်သည်။

 

အလားတူ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၂ ပေ ၁၀ လက်မခန့် ကျော်လွန်နေပြီး လာမည့် ၁ ရက်အတွင်း ၂ လက်မခန့် ပြန်ကျနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်၌ ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရေကြီးရေလျှံနေသည့် ဧရာဝတီတိုင်းအပါအဝင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။

 

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် မြစ်ချောင်းအနီးနှင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် နှိုးဆော်ထားသည်။

 

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျစဉ် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၃၅ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေအထိ ရှိနိုင်ကြောင်း သိရသည်။

 

ဓာတ်ပုံ – မိုး/ဇလ၊ လူမှုကွန်ရက်