နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများမှာ စီးပွားရေး ကျဆင်းမှုကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် ရသမျှ စွမ်းအားများနှင့် အခွင့်အလမ်းများကို အသုံးပြု၍ ကောင်းမွန်အောင် ဆောင် ရွက်သော်လည်း ပိတ်ဆို့ခံနေရကြောင်း အာဏာသိမ်း ရွေးတုသမ္မတ မင်းအောင်လှိုင်က မြန်မာ့စီးပွားရေးပျက်စီးနေမှုအပေါ် တာဝန်လွှဲချ ပြောဆိုလိုက်သည်။
ရုရှားနိုင်ငံအပါအဝင် ၎င်းတို့ကို ထောက်ခံကူညီနေသည့် နိုင်ငံအချို့သို့ သွား ရောက်ပြီးနောက် နေပြည် တော်၌ ပြုလုပ်သည့် ရွေးတုအစိုးရအဖွဲ့ အစည်း အဝေးတွင် ရွေးတုသမ္မတ မင်းအောင်လှိုင်က ထိုသို့ ထည့်သွင်းပြောဆိုကာ ပြည်တွင်း ကုန်ထုတ်လုပ်မှု မြှင့်တင်ရန် မှာကြားခဲ့ခြင်း ဖြစ်သည်။
ရွေးတုသမ္မတ၏ အဆိုပါ စကားရပ်သည် မဆင်မခြင် စစ်အာဏာသိမ်းမှုနှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း ကြောင့် ပြည်တွင်းစီးပွားရေး ထက်အောက် ပြောင်းပြန်လှန် ပျက်စီးသွားမှုကို ဖုံးကွယ်၍ နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် တိုးတက်မှု နှောင့်နှေးရသည်ဟု လွှဲချစွပ်စွဲခြင်းဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြသည်။
“တိုင်းပြည်က ပြည်တွင်းစစ် ဖြစ်နေတော့ နိုင်ငံတကာက လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး။ တချို့ နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေလည်း ရှိနေတော့ စီးပွားရေး ပြန်တိုးတက်ဖို့ဆိုတာ လုံးဝ မရှိတော့တဲ့အခြေအနေပါ” ဟု သယ်ယူပို့ဆောင်ရေးနှင့် စားသောက်ကုန် လုပ်ငန်းရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပို့ကုန်ကဏ္ဍ မြှင့်တင်ရာတွင် ပြည်တွင်းရှိ ကုန်ကြမ်းများကို အဓိကအသုံးပြုသည့် ကုန်ထုတ် လုပ်ငန်းများကို အားပေးရမည်ဖြစ်ပြီး သွင်းကုန်အစားထိုး ထုတ်ကုန်များ ထုတ်လုပ်နိုင်ရမည်ဟု ရွေးတုသမ္မတ ပြောဆိုခဲ့ကြောင်း ရွေးတုအစိုးရ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
သို့သော် လက်ရှိတွင် ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်မှု၊ ကျပ်ငွေတန်ဖိုး စံချိန်တင် ဖောင်းပွမှု၊ စွမ်းအင်နှင့် စက်သုံးဆီ အကျပ်အတည်း၊ လျှပ်စစ်မီး ပြတ်တောက်မှု၊ ထုတ်လုပ်မှုစရိတ် မြင့်တက်ခြင်း အပြင် ရွေးတုအစိုးရ၏ တင်း ကျပ်သော ပိတ်ဆို့မှုများကြောင့် ပြည်တွင်း ကုန်ထုတ် လုပ်ငန်းအများစုမှာ ရပ်ဆိုင်းရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ယင်းအပြင် ရွေးတုအစိုးရ၏ အဓိပ္ပာယ်မဲ့ တင်းကျပ်ထားသည့် နိုင်ငံခြားငွေလဲနှုန်း မူဝါဒများနှင့် ကန့်သတ်ချက်များကြောင့် ပြင်ပမှောင်ခိုဈေးကွက် ပိုမိုကြီးထွားလာကာ သွင်းကုန်ပစ္စည်းများ ရှားပါး သွားပြီး ပြည်သူများ၏ စီးပွားရေးသည် ယခင်ကာလများထက် အဆမတန် ထိခိုက်ပျက်စီး လျက်ရှိသည်။
“စီးပွားရေး ကျဆင်းလို့ ပဋိပက္ခဖြစ်တာ မဟုတ်ဘူး။ သူ အာဏာသိမ်းလိုက်လို့ ပဋိပက္ခဖြစ်ပြီး စီးပွားရေးပါ ပျက်သွားတာ။ နိုင်ငံတကာ ပိတ်ဆို့မှုဆိုတာကလည်း သူတို့ ရွေးတုအစိုးရ စစ်ဗိုလ် ချုပ်တွေရဲ့ ကိုယ်စားပြု စီးပွားရေးတွေကိုပဲ ပိတ်တာပါ” ဟု ရန်ကုန်မြို့နေ အိမ်ရှင်မတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပြန်လည်ဦးမော့လာနိုင်ခြင်း မရှိဘဲ ကျဆင်းမှု၊ မတည်ငြိမ်မှုများ အောက်တွင် ဆက်လက် ရုန်းကန်နေရကာ နိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံကျော်မှာ ဆင်းရဲတွင်းသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂနှင့် ကမ္ဘာ့ဘဏ်၏ နောက်ဆုံးထုတ် အစီရင်ခံစာများအရ သိရသည်။
ဓာတ်ပုံ – MOI