ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်

 

ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့်ရေလွှမ်းမိုးခံရသောလေးမျက်နှာမြို့တွင် မြစ်ရေဝင်ရောက်မှုအမြင့်ဆုံး ရှစ်ပေနီးပါးရှိရာမှ ယခုအခါ နှစ်ပေခန့်ပြန်ကျသွားပြီး လေးမျက်နှာအပါအဝင် မြို့နယ်ခြောက်မြို့နယ်တွင် ရေကြီးရေလျှံနေဆဲဖြစ်ကြောင်းသိရသည်။

 

လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေသည် ဩဂုတ် ၁၄ ရက်က ၇ ပေ ၉ လက်မခန့်အမြင့်ဆုံးဝင်ရောက်ရာမှ ဩဂုတ် ၂၆ ရက်တွင် ၅ ပေ ၈ လက်မခန့်ရှိနေကာ နှစ်ပေခန့်ကျဆင်သွားကြာင်း ရွေးတုအစိုးရထံမှ သိရသည်။

ထို့ပြင် ငါးသိုင်းချောင်းမြို့တွင် ငဝန်မြစ်ရေသည် ဩဂုတ် ၂၃ ရက်က ၁၀ ပေ ၉ လက်မအထိအမြင့်ဆုံး ဝင်ရောက်ပြီး ဩဂုတ် ၂၆ ရက်တွင် ခြောက်လက်မကျဆင်းသွားကာ ၁၀ ပေ ၃ လက်မခန့်ကျန်နေသေးကြောင်းသိရသည်။

 

ငဝန်မြစ်ရေသည် ရေကြည်မြို့နယ်တွင် ဩဂုတ် ၂၄ ရက်က ၁၁ ပေ ၂ လက်မခန့်အမြင့်ဆုံးဝင်ရောက်ပြီး ဩဂုတ် ၂၆ ရက်တွင် တစ်လက်မခန့်ရေကျသွားသဖြင့် ၁၀ ပေ ၄ လက်မခန့်ရှိနေဆဲဖြစ်ကြောင်းသိရသည်။

 

“ရေတစ်တောင်လောက်ပဲကျသေးတယ်။ ရေဘေးသင့်ပြည်သူတွေ ဘုန်းကြီးကျောင်းတွေ ကယ်ဆယ်ရေးစခန်းတွေမှာနေရတုန်းပဲ။ အကူညီတွေလည်းလိုနေတုန်းပဲ” ဟု လူမှုကူညီရေးဆောင်ရွက် နေသူတစ်ဦးက ပြောသည်။

လက်ရှိငဝန်မြစ်တာပြုပြင်နေရာတွင် ရေကျော်သွားသည့် ပန်းတာတမံနေရာတွင် steel sheet pile (သံမဏိတာ တားပြား) များကို အလျား ၈၉၀ ပေခန့် ရေတားနံရံအဖြစ် ၂၈၆ ချောင်းရိုက်သွင်းရန်ရှိရာ၌ ယခုအခါ ၆၉ ချောင်းရိုက်သွင်းထားပြီးကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လကုန်တွင် ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၅ ခုနှင့် ကျေးရွာအများအပြားတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ဓာတ်ပုံ – ရွေးတုအစိုးရ၊ လူမှုကူညီရေးအဖွဲ့