ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊သြဂုတ် ၂၆ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အထက်ပိုင်း ရွှေလိုက်ဝကျေးရွာရှိ မရာလဲန်းကာကွယ်ရေးတပ် (Maraland Defence Force – MDF) ၏ စစ်သင်တန်းကျောင်းကို ရွေးတုအစိုးရစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ရဲဘော် ငါး ဦး ကျဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အိန္ဒိယ-မြန်မာ နယ်စပ်ရှိ ရွှေလိုက်ဝကျေးရွာတွင် တည်ရှိသည့် MDF စစ်သင်တန်းကျောင်းကို ယမန်နေ့ ဩဂုတ် ၂၅ ရက် ည ၁၁ နာရီဝန်းကျင်တွင် ရွေးတုအစိုးရစစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ရွှေလိုက်ဝရွာက MDF စစ်သင်တန်းကျောင်းကို ဗုံးကြဲတာပါ။ သင်တန်းကျောင်းရဲ့ လေ့ကျင့်ရေး ကွင်းထဲမှာ ကျရောက် ပေါက်ကွဲခဲ့ပြီး အဲဒီနေရာမှာ ရှိနေတဲ့ ရဲဘော်တွေ ကျဆုံးခဲ့တာပါ” ဟု ပလက်ဝမြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မရာဒေသအပြင် ဖလမ်းနှင့် တီးတိန် စသည့်မြို့နယ်များမှ လာရောက် စစ်သင်တန်းတက်ရောက်နေသည့် သင်တန်းသား ငါး ဦး ကျဆုံးခဲ့ပြီး ခုနစ် ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“သင်တန်းသား ၅ ယောက်က ပွဲချင်းပြီး ကျသွားတယ်။ သင်တန်းသား ၇ ယောက်လောက် ဒဏ်ရာရတယ်၊ အဲဒီထဲမှာ ပြင်းထန်ဒဏ်ရာရတဲ့သူတွေလည်း ပါတာမို့ လက်ရှိ အရေးပေါ် ဆေးကုသမှု ခံယူနေကြရပါတယ်” ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောသည်။
အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် MDF တာဝန်ရှိသူထံ ဧရာဝတီတိုင်းမ်က ဆက်သွယ်ထားသော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။ ထို့ပြင် ယနေ့ ညနေပိုင်းတွင်လည်း ပလက်ဝမြို့နယ်အတွင်းရှိ နေရာတစ်ခုကို ရွေးတုအစိုးရတပ်က ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်ကလည်း ပလက်ဝ-ကျောက်တော် ကားလမ်းမပေါ်ရှိ စိမ့်ညှင်းဝကျေးရွာကို ရွေးတုအစိုးရတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် အပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့သည်။
ပုံစာ- MDF စစ်သင်တန်းကျောင်း ဗုံးကြဲခံရ၍ ကျဆုံးသွားသော ရဲဘော် ၅ ဦး၊