ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်သင်္ဘောများအတွက် လုံခြုံရေးယူပေးရန် ရွေးတုအစိုးရစစ်တပ်က ရွှေကူမြို့မှတစ်ဆင့် စစ်ကြောင်း လေး ကြောင်း ခွဲကာ စစ်ကြောင်းထိုး လှုပ်ရှားလာသဖြင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်တပ်သည် ရွှေကူမြို့အထက် စင်းခန်းဘက်သို့ ဦးတည်၍ စစ်ကြောင်း သုံး ကြောင်းဖြင့် စစ်ကြောင်းထိုး လှုပ်ရှားနေသည့်အပြင် ရွှေကူမြို့အနောက်ဘက် ဧရာဝတီမြစ်၏ တစ်ဖက်ကမ်းရှိ သင်္ဘောအင်းကျေးရွာဘက်သို့လည်း စစ်ကြောင်း တစ် ကြောင်းဖြင့် ထိုးစစ်ဆင်လျက်ရှိရာ ကာချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက် လျက်ရှိသည်။
“တက်လာတဲ့ စစ်ကြောင်းတွေကို အပြင်းအထန် ပြန်လည်ခုခံနေပါတယ်” ဟု ကချင်စစ်ရေး သတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရ စစ်တပ်သည်ရွှေကူမြို့ အနောက်ဘက် ဧရာဝတီမြစ်ကမ်းသို့ ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်မှစတင်၍ ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်ပြီး ကမ်းတက်ရန် ကြိုးစားသည့် စက်လှေများမှာ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြားခဲ့သည်။
ယနေ့ ဩဂုတ် ၂၆ ရက်အထိ နှစ်ဖက်တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်သည်။
ထို့အပြင် ဩဂုတ် ၂၃ ရက်ကလည်း ရွှေကူမြို့ပေါ်ရှိ စစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက် ကြီးကျည်သည် ကျွန်းတော်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ ဒေသခံပြည်သူ လေး ဦး သေဆုံးခဲ့ရသည်။
လက်ရှိတွင် စစ်တပ် သည် KIA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် စင်းခန်း တံတားရှိရာဘက်သို့ ဦးတည်၍ စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေသဖြင့် မြေပြင်တွင် စစ်ရေး အရှိန် ပိုမိုမြင့်တက်လျက်ရှိသည်။