ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်
ရွေးတုအစိုးရသည် မကြာသေးမီရက်ပိုင်းက ထုတ်ပြန်ခဲ့သည့် အသစ်ပြင်ဆင်လိုက်သော ပြည်ထောင်စုအင်္ဂါစဉ်တွင် စစ်တပ်၏ ရာထူးနေရာများကို ယခင်ကထက် သိသိသာသာ မြှင့်တင်ပြင်ဆင်လိုက်ကြောင်း သိရသည်။
ယခုကဲ့သို့ စစ်တပ်မှ အရာရှိကြီးများနှင့် တိုင်းမှူးများ၏ ရာထူးအဆင့်အတန်းများကို တိုးမြှင့်ပေးလိုက်ခြင်းသည် တပ်တွင်းမကျေနပ်မှုများကို ထိန်းသိမ်းရန်၊ အရပ်ဘက်အုပ်ချုပ်ရေးထက် စစ်တပ်၏ အုပ်ချုပ်ပိုင်ခွင့်ကို ရာသက်ပန် အတည်ပြုရန်နှင့် စစ်အုပ်စု၏ အာဏာစက်ကို ပိုမိုခိုင်မာအောင် ကြိုးကိုင်ထိန်းချုပ်နိုင်ရန် ပြုလုပ်ခြင်းဖြစ်သည်ဟု နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
“ဒီလို ပြင်ဆင်လိုက်တာဟာ အနာဂတ်မှာ ဘယ်လိုအစိုးရပဲတက်တက် အရပ်ဘက် အုပ်ချုပ်ရေးယန္တရားထက် စစ်တပ်က အထက်စီးကနေ ရာသက်ပန် အာဏာစက် ဆုပ်ကိုင်ထားနိုင်အောင် ဥပဒေကြောင်းအရ ခိုင်မာအောင် လုပ်လိုက်တာဖြစ်တယ်” ဟု အတွေ့အကြုံရှိ နိုင်ငံရေးလေ့လာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြည်ထောင်စုအင်္ဂါစဉ်ဆိုသည်မှာ နိုင်ငံတော်၏ တရားဝင်အခမ်းအနားများ၊ အခွင့်အရေးများနှင့် အစိုးရယန္တရားအတွင်း မည်သည့်ရာထူးက မည်မျှအဆင့်ရှိသည်ဆိုသည်ကို အစဉ်လိုက် သတ်မှတ်ပေးထားသည့် အဆင့်အတန်းဇယား ဖြစ်သည်။
ယခု ပြင်ဆင်ချက်အရ ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ပြည်ထောင်စုအင်္ဂါစဉ်၏ အမှတ်စဉ် ၆ နေရာအထိ တိုးမြှင့်ထားပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အမှတ်စဉ် ၉ နေရာတွင် ထည့်သွင်းထားသည်။
ထို့ပြင် ယခင်က မရှိခဲ့ဖူးသည့် “ကာကွယ်ရေးဦးစီးချုပ် (ကြည်း)” ဆိုသည့် ရာထူးသစ်တစ်ခုကို သီးခြားဖန်တီး၍ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ထက် အဆင့်တစ်ဆင့်မြင့်ကာ အမှတ်စဉ် ၁၅ တွင် နေရာပေးထားသည်။
လက်ရှိတွင် အဆိုပါ ကြည်းချုပ်တာဝန်ကို ဒုတိယတပ်ချုပ်ကပင် ပူးတွဲတာဝန်ယူထားပြီး သီးခြားအမိန့်စာဖြင့် ခန့်အပ်ထားခြင်း မရှိသေးပေ။ အလားတူ ရေတပ်ကာကွယ်ရေးဦးစီးချုပ်နှင့် လေတပ်ကာကွယ်ရေးဦးစီးချုပ် ရာထူးများကို ညှိနှိုင်းကွပ်ကဲရေးမှူး၏ နောက် အမှတ်စဉ် ၁၇ နှင့် ၁၈ တို့တွင် အသီးသီး နေရာပေးထားသည်။
စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) များ၊ အရာရှိချုပ်များ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးများကို အမှတ်စဉ် ၂၆ တွင်လည်းကောင်း၊ စစ်တိုင်းမှူးများ ဖြစ်ကြသည့် ဗိုလ်ချုပ်အဆင့်များကို အမှတ်စဉ် ၃၄ တွင်လည်း ကောင်း နေရာချထားပြီး ဗိုလ်ချုပ်အဆင့် ညွှန်ကြားရေးမှူးများကိုမူ အမှတ်စဉ် ၅၀ တွင် ထည့်သွင်းထားသည်။
ယခင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ပြည်သူ့အစိုးရလက်ထက်က ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုအင်္ဂါစဉ်နှင့် နှိုင်းယှဉ်ပါက စစ်တပ်၏ ရာထူးအဆင့်များကို သိသိသာသာ ဆွဲတင်ထားသည်ကို တွေ့ရသည်။
ယခင် အင်္ဂါစဉ်တွင် တပ်ချုပ်အား အမှတ်စဉ် ၈၊ ဒုတိယတပ်ချုပ်အား အမှတ်စဉ် ၁၂၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ရေချုပ်နှင့် လေချုပ်တို့အား အမှတ်စဉ် ၂၀၊ ဒုတိယဗိုလ်ချုပ်ကြီးများကို အမှတ်စဉ် ၂၅၊ တိုင်းမှူးများကို အမှတ်စဉ် ၂၇ အဖြစ် သတ်မှတ်ခဲ့ဖူးသည်။ ယခုအခါ ရေချုပ်၊ လေချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးများကို ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များ၏ အထက်သို့ ပြောင်းလဲဆွဲတင်လိုက်ခြင်းလည်း ဖြစ်သည်။
ဓာတ်ပုံ-စစ်အုပ်စု